ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် ဇူလိုင်လ (၂၆) ရက်၊ ညပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရပ်ကွက် (၂) ခုအတွင်းရှိ နေအိမ်များနှင့် လမ်းများပေါ်သို့ ရေများ ဝင်ရောက်လျက်ရှိကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
“ည ၁ နာရီလောက်ထဲက မိုးကအတော်သည်းသည်းကိုရွာတာ။ မိုးရွာတာများတော့ တောင်ကျရေလည်း စီးလာတဲ့အခါ အနိမ့်ပိုင်းရပ်ကွက်(၂) ခုထဲက အိမ်တွေထဲကို ရေဝင်တယ်။ နောက်လမ်းတွေပေါ်လည်း ရေကျော်နေတာပေါ့။ ရေဝင်နေတာက ခါးလောက်အထိရှိတယ်”ဟု ဒေသခံလူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောကြားသည်။
ဟိုပင်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်နေသည့် ရပ်ကွက် (၂) ခုမှာ မြေဇာရပ်ကွက်နှင့် ချောင်းသာရပ်တို့ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ ရေဝင်ရောက်မှုဖြစ်ပွားနေသည့် နေအိမ်များတွင် နေထိုင်သူများအား ဟိုပင်နယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေးထားကြောင်း သိရသည်။