သြစတြေးလျနိုင်ငံသည် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာလ ၁၀ရက်နေ့) မှစတင်၍ အသက် ၁၆ နှစ်အောက် ကလေးများအား ဆိုရှယ်မီဒီယာအသုံးပြုခွင့်ကို ပိတ်ပင်သည့် ပထမဆုံးနိုင်ငံဖြစ်လာပြီး TikTok၊ Alphabet ၏ YouTube ၊ Meta ၏ Instagram နှင့် Facebook အပါအဝင် ပလက်ဖောင်းများသို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားသည်။
ဥပဒေသစ်အရ အကြီးဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်း ၁၀ ခုအနေဖြင့် အင်္ဂါနေ့ည သန်းခေါင်အချိန်မှစကာ ကလေးများဝင်ရောက်အသုံးပြုခြင်းကို ပိတ်ပင်ရမည်ဖြစ်သည်။ အကယ်၍ မပိတ်ပါက အမေရိကန်ဒေါ်လာ ၃၃ သန်း ဒ-ဏ်ကြေးပေးဆောင်ရနိုင်သည်။ အဆိုပါဥပဒေကို အဓိကနည်းပညာကုမ္ပဏီကြီးများနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေးလှုပ်ရှားသူများက ဝေဖန်ခဲ့သော်လည်း မိဘများနှင့် ကလေးသူငယ်အရေးလှုပ်ရှားသူများက ကြိုဆိုခဲ့ကြသည်။
မိသားစုများအတွက် ဂုဏ်ယူဖွယ်နေ့တစ်နေ့ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီးစ်က ပြောကြားခဲ့ပြီး အစဉ်အလာထိန်းသိမ်းစောင့်ရှောက်မှုများကို ကျော်လွန်သော အွန်လိုင်းဘေးဖြစ်မှုကို ဥပဒေပြုအမတ်များက ထိန်းချုပ်နိုင်ကြောင်း သက်သေပြသည့် ဥပဒေတစ်ခုအဖြစ် တင်စားခဲ့သည်။
“ဒီနေ့ကတော့ သြစတြေးလျမိသားစုတွေက ဒီနည်းပညာကုမ္ပဏီကြီးတွေဆီကနေ အာဏာပြန်ယူတဲ့နေ့ပါပဲ” ဟု မစ္စတာ အယ်လ်ဘာနီးစ်က အေဘီစီသတင်းဌာနကို ပြောကြားခဲ့သည်။
နည်းပညာသစ်သည် အံ့သြဖွယ်အရာများကို လုပ်ဆောင်နိုင်သော်လည်း လူသားများသည် မိမိတို့ ကံကြမ္မာကို ထိန်းချုပ်နိုင်ရန်လိုအပ်ပြီး ယင်းအတွက်ကြောင့်ပင် ယခုဥပဒေကို ပြဌာန်းရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုသီတင်းပတ်တွင် ကျောင်းများ၌ဖွင့်မည့် ဗီဒီယိုမက်ဆေ့ချ်တွင် ကလေးများအနေဖြင့် အားကစားသစ်များ၊ တူရိယာသစ်များကို စတင်အသုံးပြုကြရန် သို့မဟုတ်ပါက အချိန်အတော်ကြာစင်ပေါ်တင်ထားရသည့် စာအုပ်စာပေများကိုဖတ်ကြရန် မစ္စတာ အယ်လ်ဘာနီးစ်က တိုက်တွန်းသွားမည်ဖြစ်ကြောင်း စကိုင်းနူးစ်သြစတြေးလျက ပြောကြားခဲ့သည်။
ယခုဥပဒေမိတ်ဆက်မှုသည် ကလေးများကို နေ့စဉ်ဘဝတွင် ထည့်သွင်းထားသည့် ဆိုရှယ်ပလက်ဖောင်းအသုံးပြုခြင်းများကို မည်သည့်နိုင်ငံက လက်တွေ့ကျကျတားဆီးနိုင်မည်နည်းဆိုသည့် တစ်နှစ်ကြာအငြင်းပွားမှုကို အဆုံးသတ်စေပြီး ဆိုရှယ်မီဒီယာကုမ္ပဏီကြီးများသည် အန္တရာယ်လျှော့ချရေး အစီအမံများကို အကောင်အထည်ဖော်ရန် နှေးကွေးနေမှုအတွက် စိတ်ပျက်နေကြသော ကမ္ဘာတစ်ဝန်းမှ အစိုးရများအတွက် တို-က်ရို-က်စမ်းသပ်မှုတစ်ခု စတင်လိုက်ခြင်းဖြစ်သည်။
Ref: တီအိပ်ချ်
