အရှေ့အာရှအိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေးကို တင်းမာစေသည့် ထိုင်ဝမ်နှင့် ပတ်သက်သော သံတမန်ရေးအငြင်းပွားမှု အရှိန်မြင့်လာခြင်းကို ပြေငြိမ်းစေရန် တိုကျိုက ကြိုးပမ်းနေစဉ် ဂျပန်အကြီးတန်းသံတမန်တစ်ဦးသည် တနင်္လာနေ့တွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဂျပန်မီဒီယာများက သတင်းဖော်ပြသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှနှင့် သမုဒ္ဒရာဆိုင်ရာဗျူရို ညွှန်ကြားရေးမှူးချုပ် မာဆာကီ ကာနာအိသည် တရုတ်ညွှန်ကြားရေးမှူးချုပ် လျူကျင်ဆောင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း ဂျပန်မီဒီယာက ဖော်ပြခဲ့သည်။ ထိုင်ဝမ်နှင့် ပတ်သက်သော ဝန်ကြီးချုပ် တာကာအိချီ၏ မှတ်ချက်ပြုပြောကြားမှုများကြောင့် ဂျပန်နိုင်ငံ၏ လုံခြုံရေးမူဝါဒတွင် အပြောင်းအလဲမရှိကြောင်းနှင့် ဆက်ဆံရေးပျက်ယွင်းစေမည့် လုပ်ဆောင်ချက်များကိုရှောင်ကြဉ်ရန် တရုတ်ကိုတိုက်တွန်းကြောင်း ကာနာအိက ရှင်းပြပြောဆိုလိမ့်မည်ဟု မျှော်လင့်ရကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ထိုင်ဝမ်နှင့် ပတ်သက်၍ အင်အားသုံးကြားဝင်စွက်ဖက်ပါက လုံးဝဥဿုံ စစ်ရေးရှုံးနိမ့်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သောကြာနေ့တွင် ပေကျင်းက ဂျပန်ကို သတိပေးခဲ့ပြီး ဝန်ကြီးချုပ်၏ မှတ်ချက်များနှင့် ပတ်သက်၍ ဂျပန်သံအမတ်ကို ဆင့်ခေါ်ကာ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံကို ခရီးမသွားကြရန်လည်း တရုတ်နိုင်ငံသားများကို အကြံပြုခဲ့သောကြောင့် ဂျပန်ရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော ကုမ္ပဏီများသည် စီးပွားရေးကျဆင်းသွားမည်ကို စိုးရိမ်မှုများ ပေါ်ပေါက်စေခဲ့သည်။
Ref: စီအင်န်အေ
