သွားရောက်တာဝန်ထမ်းဆောင်မည့်နိုင်ငံ၏ ဘာသာစကားကိုလည်း မရှက်မကြောက်တတ်နိုင်သမျှကြိုးစားလေ့လာသင်ယူစေလို
သံတမန်တစ်ဦးအနေဖြင့် အနည်းဆုံးဘာသာစကားတစ်မျိုး တတ်မြောက်ထားရမည်ဖြစ်ပြီး သွားရောက်တာဝန်ထမ်းဆောင်မည့်နိုင်ငံ၏ ဘာသာစကားကိုလည်း မရှက်မကြောက် တတ်နိုင်သမျှကြိုးစားလေ့လာသင်ယူစေလိုပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း လည်း ဖြစ်သည်။
ထို့ပြင် မိမိအတွက်သာမက မိမိ၏သားသမီးများကိုလည်း ဘာသာစကားတတ်မြောက်အောင် သင်ကြားပေးစေလိုကြောင်း၊ မိမိတို့၏ သံတမန်ဝန်ထမ်းများအား ပြည်ပတွင် အခြားနိုင်ငံများနည်းတူ Facility အပြည့်ထားရှိပေးပါကြောင်း၊ သံတမန်တစ်ဦးတွင် ရှိသင့်ရှိထိုက်သော အရည်အသွေး (Diplomatic Characteristic) များကို မြင့်မားအောင်ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှု Loyalty ဖြစ်ပါကြောင်း၊ သံတမန်များအနေဖြင့် Communication Skill၊ Language Skill၊ Negotiation Skill အရည်အသွေးများကို အစဉ်လေ့လာဆည်းပူး၍ မြှင့်တင်စေလိုကြောင်းလည်း ဦးသန်းဆွေက ပြောကြားခဲ့သည်။
သံတမန်များကို ပြည်ပသို့ စေလွှတ်ရာတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသူများကိုသာ ရွေးချယ်စေလွှတ်ခြင်းဖြစ်ပြီး နိုင်ငံတော်ကိုယ်စားပြုဖြစ်သည့်အတွက် စောင့်ထိန်းရမည့် ကျင့်ဝတ်များကို အလေးထားလိုက်နာစေလိုကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။
သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံ၏ ဓလေ့စရိုက်နှင့် ယဉ်ကျေးမှုများကိုလည်း အလေးထားရမည်ဖြစ်ပြီး လုပ်ငန်းတာဝန်များကို အမှားအယွင်းနည်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာကောင်းမွန်အောင်နေထိုင်ပြီး စိတ်ကျန်းမာရေးကောင်းမွန်မှသာလျှင် လုပ်ငန်းအောင်မြင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက ၎င်းတို့ ယခင်သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို မိတ်ဆက်ခဲ့ကြောင်း သိရသည်။
