၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ သုံးလတာကာလအတွင်း အသေးစား စက်မှုလက်မှုလုပ်ငန်း (၄၆၃) ခုကို မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။
အသေးစား စက်မှုလက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ လစဉ် တရားဝင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် မှတ်ပုံတင်ဆောင်ရွက်လာသည့် လုပ်ငန်းများရှိသလို လုပ်ငန်း ဆောင်ရွက်ခြင်းမရှိတော့သည့် လုပ်ငန်းများကိုလည်း စာရင်းမှ ပယ်ဖျက်ပေးနေကြောင်း သိရသည်။
ယင်းသို့ ပယ်ဖျက်ပေးလျက်ရှိရာတွင် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်းမရှိ တော့သည့် လုပ်ငန်း (၃၃၈) ခုကိုလည်း မှတ်ပုံတင်စာရင်း မှ ပြန်လည်ပယ်ဖျက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသ ည်။
နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သက်ဆိုင်ရာဥပဒေများ ပေါ်ထွန်းလာစေပြီး အသေးစား စက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေးကို အားပေးကူညီဆောင်ရွက်ပေးသည့်အနေဖြင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေးကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ထို့အပြင် ထုတ်ကုန်များ အရည်အသွေး ပြည့်မီရေးနှင့် ဘေးဥပါဒ်ကင်းရေးအတွက် သုတေသနဓာတ်ခွဲခန်းများ တည်ထောင်စမ်းသပ်ပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဇွန်လအထိ အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း ၁၉,၅၂၆ ခုအထိ တရားဝင်မှတ်ပုံတင် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။