သင်္ကြန်အပြီး မှစတင်ကာ သုံးလအတွင်း ဆန်၊ ဆီ အပါအဝင် အခြေခံ စားသောက်ကုန်ဈေးနှုန်းများ နှစ်ဆယ် ရာခိုင်နှုန်းခန့် ဈေးနှုန်း မြင့်တက်လာကြောင်း ကုန်စည်ဒိုင်များ ကနေသိရပါတယ်။
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကြက်သွန်၊ပဲ၊ ငရုတ် အပါအဝင် မီးဖိုချောင်သုံး စားသောက်ကုန်ဈေးနှုန်းက သင်္ကြန်ကာလအပြီးထဲက တရိပ်ရိပ်နဲ့ တက်လာနေခဲ့တာ ဖြစ်တယ်လို ကုန်စည်ဒိုင် ရှိ ကုန်သည်များက ဆိုပါတယ်။
“အကြောင်းအရာတွေကတော့ အများကြီးပေါ့လေ၊ ရာသီဥတုကြောင့်ရော၊ လမ်းပန်းဆက်သွယ်ရေး ခက်လာတာကြောင့်ရော၊ လက်ရှိ နိုင်ငံရေး အခြေအနေတွေလည်း ပါတာပေါ့။ ကျနော်တို့က ကုန်သည်ဖြစ်လို့ ပစ္စည်းတစ်ခုကို ဈေးတက်ဈေးကျ ဆုံးဖြတ်မရပါဘူး။ ကာလပေါက်ဈေးကိုပဲ အရောင်းအဝယ်လုပ်ရတာပါ”လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ပဲ၊နှမ်းကုန်သည် တစ်ဦးကဆိုပါတယ်။
လက်လီဈေးကွက် အတွင်းမှာလည်း စားဆီ တစ်ပိသာကို ငါးရာကျပ်နှုန်းလောက် အထိ မြင့်တက်သွားတာကြောင့် အခြေခံ လူတန်းစားတွေအတွက် ပိုမို ကြပ်တည်းလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ပြည်တွင်းထွက် ကုန်စည်ဈေးနှုန်းတွေ မြင့်တက်နေသလို ပြည်ပက တင်သွင်းရာမှာလည်း အခက်အခဲတွေ ရှိနေတာကြောင့် လာမယ့်လ အနည်းငယ်အတွင်းမှာ စီးပွားရေးကြပ်တည်းမှု ပိုမို များပြားလာနိုင်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။