တစ်နိုင်ငံလုံးတွင် ငါး/ပုစွန် မွေးမြူရေးကန် (၄၈၀,၀၀၀)နှင့် အအေးခန်းသိုလှောင်ရုံပေါင်း (၁၂၀) ကျော်ရှိ
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၆ ဒသမ ၇၃၈ သန်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဧပြီလ (၁) ရက်မှ ဇူလိုင်လ (၇) ရက်အထိ တင်ပို့မှုမှ ရရှိထားသည့် ဝင်ငွေများဖြစ်ပြီး ပြီးခဲ့သည့်နှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၁၄၉ ဒသမ ၅၆၁ သန်းရရှိထားသည့်အတွက် ကန်ဒေါ်လာ ၂၂ သန်းကျော် လျော့ကျနေသေးသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းများမှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် ပြည်ပရေထွက်ကုန်တင်ပို့မှုသည် ပုံမှန်အတိုင်း တင်ပို့နေသော်လည်း ကိုဗစ်ကာလ မတိုင်ခင်အခြေအနေသို့ ပြန်လည်မရောက်ရှိသေးဘဲ တင်ပို့မှုလျော့ကျနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့်ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်း နိုင်ငံများသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တောစသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှလည်း ငါး၊ ပုစွန်၊ ဂဏန်း စသည့်ရေထွက်ကုန်များကို ပုံမှန်တင်ပို့နေခြင်းဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ငါးနှင့်ပုစွန် မွေးမြူသည့် ကန်ပေါင်း (၄၈၀,၀၀၀) ရှိသည့်အပြင် အအေးခန်းသိုလှောင်ရုံပေါင်း (၁၂၀) ကျော်ရှိကြောင်းနှင့် ပြည်ပသို့ ငါးတင်ပို့မှုတွင် ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန် စသည့် ငါးအမျိုးအစားပေါင်း (၂၀) ကျော် တင်ပို့လျက်ရှိကြောင်း သိရသည်။
လက်ရှိ မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း (၄၅) နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး အသားကဏ္ဍအနေဖြင့် တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်မှတဆင့် အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။