ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏတံတားအဆင်းတွင် မီးပွိုင့်မိ၍ ရပ်နေသည့် အိမ်စီးကား မောင်းနှင်သူအား အမည်မသိအမျိုးသား (၂) ဦးက ဓားဖြင့်ထိုးသည့် ဖြစ်စဉ် ယနေ့ ဖေဖော်ဝါရီ (၄) ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုးစေတနာပရဟိတအသင်းမှ သိရသည်။
“ကျွန်တော်တို့ ရောက်သွားတဲ့အချိန် ဓားထိုးခံရတဲ့လူကတော့ မရှိတော့ဘူး။ အဲဒီနားမှာ စျေးရောင်းနေတဲ့ စျေးသည်တွေ ပြောတာကတော့ ပွိုင့်မိလို့ ရပ်ထားတဲ့ အိမ်စီးကားနားကို Hijet ကားတစ်စီးက ကပ်ရပ်ပြီး အဲ့ကားပေါ်က လူနှစ်ယောက်ဆင်းလာတယ်။ ပြီးတော့ အိမ်စီးကားပေါ်တက်သွားတယ်တဲ့။ အဲ့လူနှစ်ယောက်ပြန်ဆင်းလာတော့ သူတို့ခန္ဓာကိုယ်မှာ သွေးတွေပေနေတယ်ပြောတယ် ။ ပြီးတော့ ကားမောင်းပြေးသွားတယ်တဲ့”ဟု မိုးစေတနာပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယနေ့ နေ့လယ် (၁၂) နာရီခွဲ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်မှ ဓါးဖြင့် အထိုးခံခဲ့ရသည့် Honda Fit ကားမောင်းသူအား အခင်းဖြစ်နေရာအနီး၌ စျေးရောင်းနေသည့် စျေးသည်များမှ အဌားယာဉ် Taxi တစ်စီးဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“လတ်တလောအခြေအနေအရ ဓားနဲ့ထိုးခံရတယ်ဆိုတာကိုသိထားတယ်။ ဘာတွေပါသွားတယ် ဆိုတာတော့မသိပါဘူး”ဟု မိုးစေတနာပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဓားဖြင့်ထိုးခဲ့သည့် အမျိုးသား (၂) ဦးမှာ အိမ်စီးကား၏သော့အား ရိုက်ချိုးဖျက်ဆီးသွားခဲ့သဖြင့် တာဝန်ရှိသူများမှ ကရိန်းကားဖြင့် အိမ်စီးကားကို ဆွဲသွားခဲ့ရကြောင်း သိရသည်။

