ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ သီလဝါ အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။
ဧပြီ (၂၆) ရက်က Thailand-Myanmar Business Council (TMBC)က စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်း တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံ အကျိုးတူရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းကောင်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သီလဝါ အထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း (၂၁) နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံနေပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၂၄ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံတွင် အောင်မြင်နေသည့် အထူးစီးပွားရေးဇုန် တစ်ခုဖြစ်ပြီး ပြည်ပသို့ ပို့ကုန်တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ပြည်ပမှ သွင်းကုန်အစားထိုးလုပ်ငန်းများ ဆောင်ရွက်ကာ နိုင်ငံအတွက် လိုအပ်သည့် ဆေးဝါး၊ လူသုံးကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ လူစီးမော်တော်ယာဉ်တွေ အပါအဝင် ကုန်ချောပစ္စည်းများကိုလည်း ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေဇုန်သည် ၆၆၇ ဒသမ ၂၇၅ ဟက်တာကျယ်ဝန်းပြီး ဇုန်(A) နှင့် ဇုန်(B) ခွဲကာ Free Zone နှင့် Promotion Zone သတ်မှတ်လျက် ပို့ကုန်လုပ်ငန်းနှင့် ပြည်တွင်းသွင်းကုန် အစားထိုးလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံသည့် (၂၁)နိုင်ငံမှ လက်ရှိလုပ်ငန်းလည်ပတ်သည့် ကုမ္ပဏီ (၁၁၄) ခုရှိကြောင်း သိရသည်။