ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာ ဈေးသို့ ရာသီပေါ်သီးနှံများ လှိုင်လှိုင်ဝင်ရောက် ပြီး အရောင်းအဝယ်သွက်နေကြောင်း သစ်သီးပွဲရုံများမှ စုံစမ်းသိရှိရသည်။
သီရိမင်္ဂလာဈေးသည် ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံနှင့်ပန်းမန်များကို လက်လီ၊ လက်ကားဖြန့်ဖြူး ရောင်းချပေးသောစျေးဖြစ်သည်။
အဆိုပါ သီရိမင်္ဂလာဈေးသို့ မြန်မာနိုင်ငံရှိ ကုန်စိမ်း များထွက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကုန်ပစ္စည်းများဝင်ရောက်နေပြီး တစ်ရက်လျှင် ကုန် ပိဿာ ၁၂ သိန်းကျော် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
ထိုသို့ ရောက်ရှိလာသောကုန်စိမ်းများကို ရန်ကုန် တိုင်းဒေသကြီးအတွင်းသာမက ဧရာဝတီတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်စသည့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများသို့လည်း တစ်ဆင့်ပြန်လည် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
