တပ်မတော်မှ သီပေါမြို့အားပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် သီပေါမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျောင်းသား၊ ကျောင်းသူများ ပညာရေးနှောင့်နှေးမှုမရှိစေရန် အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၁ ရက်ကစတင်၍ သီပေါမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တန်းစဉ်အလိုက်စတင်ကျောင်းအပ်လက်ခံခဲ့ရာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ(၁၁၂)ဦးရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှအခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကိုလည်း တစ်ပါတည်းပေးအပ်ခဲ့ကာ လုံခြုံရေးအဖွဲ့ဝင်များမှလည်း ကျောင်းသန့်ရှင်းရေးအတွက် ရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သီပေါမြို့ရှိ ကုန်းတော်ပရိယတ္တိစာသင်တိုက်၌ ယာယီရုံးခွဲဖွင့်လှစ်၍ ဒေသခံများအား သန်းခေါင်စာရင်းတိုက်ဆိုင်စစ်ဆေးပေးခြင်းနှင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းတို့ကိုလည်း စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
