ရုရှားသည် အောက်တိုဘာလ မှစတင်၍ ယူကရိန်းရှိ သိမ်းပိုက်ရရှိထားသော ဒွန်နက်ခ်၊ လူဟန့်ခ်၊ ဇာပိုရီဇာ နှင့် ခါဆွန် ဒေသများမှ လူပေါင်း ၁ ဒသမ ၅ သန်းခန့်ကို ရုရှား နိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့ကြောင်း ရုရှား ဝန်ကြီးချုပ် မီဟိုင်းလ် မီရှုစတင်က မေလ ၃၀ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
မော်စကိုသည် အရေးအခင်း စတင်ပြီး ၇ လအကြာ ယူကရိန်းရှိ အဆိုပါ ဒေသလေးခုကို စက်တင်ဘာလတွင် ၎င်း၏ ကိုယ်ပိုင်အဖြစ် သတ်မှတ်ခဲ့သည်။ သို့ရာတွင် ရုရှားသည် ထိုဒေသများအား အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးသကဲ့သို့ နိုင်ငံတကာကလည်း ထိုသိမ်းယူမှုအား အသိအမှတ်မပြုခဲ့ပေ။
“ပြီးခဲ့တဲ့ အောက်တိုဘာကစပြီး ဒေသအသစ်က လူ ၁ ဒသမ ၅ သန်းနီးပါးဟာ ရုရှားနိုင်ငံကူးလက်မှတ်တွေကို လက်ခံရရှိခဲ့ပါပြီ” ဟု မီရှုစတင်က အစိုးရအစည်းအဝေးတွင် ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါ ဒေသများရှိ လူ ၁ ဒသမ ၆ သန်းကို ပင်စင်လစာများ ပေးထားခဲ့ပြီး လူ ၁ ဒသမ ၅ သန်းခန့်ကို လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ပေးထားခဲ့ပြီဟု သူက ပြောသည်။
ရုရှားသမ္မတ ပူတင်သည် ပြီးခဲ့သည့်လကတည်းက သိမ်းပိုက်ခံ ယူကရိန်းဒေသများ၌ နေထိုင်သူများအား ရုရှားနိုင်ငံသား ဖြစ်ခွင့်ပေးသည့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ကိယက်ဗ်ကမူ မော်စကိုသည် ၎င်း၏ နိုင်ငံသားများကို ခြိမ်းခြောက်ကာ ရုရှားနိုင်ငံသား အဖြစ်သို့ ပြောင်းလဲရန် ကြိုးပမ်းနေသည်ဟူ၍ စွပ်စွဲထားသည်။
Source: CNA