သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျသည် ဒီဇင်ဘာ ၅ ရက်နေ့လည်ပိုင်းက ကွမ်ရှီး CPC ပါတီအတွင်းရေးမှူး Mr. Chen Gang နှင့် ကွမ်ရှီးကွန်မြူနစ်ပါတီကော်မတီရုံးတွင်တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် Mr. Chen Gang မှ ကွမ်ရှီးဒေသအနေဖြင့် AI နည်းပညာများဖွံ့ဖြိုးတိုးတက်ရေးအတွက် AI သုတေသနပြုမှု၊ အသုံးချမှုနှင့် ပညာရှင်များမွေးထုတ်မှု၊ AI ပူးပေါင်းဆောင်ရွက်မှုတွင် အာဆီယံဗဟိုပြုသည့် အခြေစိုက်နေရာဖြစ်လာစေရန် အရှိန်မြှင့်တင်ကြိုးပမ်းနေမှု၊ မြန်မာနိုင်ငံ၌ China-ASEAN AI Application Cooperation Center ၏ ရုံးခွဲဖွင့်လှစ်နိုင်ရေး၊ စွမ်း အင်သစ်နည်းပညာကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးတို့ကိုဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျမှလည်း မြန်မာနိုင်ငံတွင် AI နည်းပညာနှင့် အသုံးချမှုများမြှင့်တင်နိုင်ရေး မူဝါဒများချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲသည်။
ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးတွင် သံတမန်ဆက်ဆံရေးတည်ထောင်သည့် (၇၅)နှစ်မြောက် စိန်ရတုနှစ်ဖြစ်၍ ဆွေးမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေရန် ကွမ်ရှီးဒေသနှင့် အဆင့်မြင့်နည်းပညာသုံးစိုက်ပျိုးရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် အသေးစား၊ အငယ်စားနှင့် အ လတ်စားလုပ်ငန်းများတွင် AI အသုံးပြုမှုမြှင့်တင်ရေးတွင် အရည်အချင်းမြှင့်သင်တန်းများပေးခြင်း၊ အခြေ ခံအဆောက်အဦများတည်ထောင်ခြင်းတို့တွင် ကွမ်ရှီးဒေသနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်။
ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသကြား ဉာဏ်ရည်တုနည်းပ ညာ(AI)ကဏ္ဍ၌ဖလှယ်မှုများပြုလုပ်နိုင်ရန်စီစဉ်ပြုလုပ်သော AI နည်းပညာဆိုင်ရာသင်တန်းအစီအစဉ်တက်ရောက်ရန် နန်နင်းမြို့သို့ ဒီဇင်ဘာ ၁ ရက်မှ ယနေ့ ဒီဇင်ဘာ ၆ ရက်အထိရောက်ရှိနေခြင်းဖြစ်သည်။
