လူရွှင်တော်၊ဟာသသရုပ်ဆောင် ကင်းကောင်ရယ်လို့ ဖြစ်လာစေဖို့ ရုန်းကန်ကြိုးစား ခဲ့ကြရတာတွေအများကြီးပါ။ သူ့အနေနဲ့ လူရွှင်တော်ဘ၀ကနေ ဟာသရုပ်ဆောင်လောက ထဲဝင်ရောက်တဲ့အခါမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဇာတ်ရုပ် ပီပြင်ဖို့အတွက်ကိုလည်း သူ့အနေနဲ့ ကိုယ်ပါဝင်သရုပ်ဆောင်ရတဲ့ နေရာကိုသေချာဂရုစိုက်လေ့လာခဲ့တာပဲဖြစ်ပါတယ်။
‘‘ကျွန်တော်ကအနုပညာလုပ်တာလေ။ နိုင်ငံတော်အကြီးအကဲကနေပြီးတော့ ဟိုးအောက်ခြေအထိ ပေါင်းခဲ့ရတယ်။ ဥပမာဗျာ သူတောင်းစားနေရာမှာကျွန်တော်ရိုက်ရတယ်။သူတောင်းစားတွေရဲ့ကာရိုက် တာကိုလေ့လာရတယ်။ တောင်းပုံတောင်းနည်း လေယူလေသိမ်းကအ၀တ်အစားကအစ နည်းနည်းတော့ သိမှရမှာပေါ့။ မသိဘဲနဲ့ သူတောင်းစား ကာရိုက်တာကို သရုပ်ဆောင်လို့မရဘူးလေ။ မတူရင်ကျွန်တော်တို့ကို ပြောမှာလေ။ အဲဒီ့အတွက်လေ့လာမှုတွေ တော်တော်လုပ်ရပါတယ်’’ လို့ ဇာတ်ရုပ်ပီပြင်ဖို့ ကြိုးစားရတဲ့အပိုင်းနဲ့ပတ်သက်လို့ ဦးကင်းကောင်က ပြောပြပါတယ်။ ဦးကင်းကောင်းရဲ့ သားကလည်း ဖခင်ဖြစ်သူလိုပဲ အနုပညာဝါသနာပါပါတယ်။ သူကတော့ဖခင်လို လူရွှင်တော်ဟာသသရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တာ မဟုတ်ဘဲ ဂီတပိုင်းကို ၀ါသနာပါတာပါ။ သားဖြစ်သူအတွက် အိမ်မှာ Home studio လုပ်ထားပေးပြီး သားဝါသနာပါရာကို ပံ့ပိုးပေးထားပါတယ်။
‘‘သူ့ဘာသာသူအသံသွင်းတယ်။ သူဘာသာသူတီးတယ်။ သားကအခုအင်ဂျင်နီယာပါ။ အခုတော့သူက အစိုးရအလုပ်လုပ်နေတယ်။ကျွန်တော်တုန်းကလည်း ကျွန်တော့်မိဘတွေက ဘွဲ့ရဖြစ်စေချင်တယ်။ ကိုယ်ဝါသနာပါရာဘာပဲလုပ်လုပ် မြန်မာပြည်မှာနေရင်တော့ မြန်မာပြည်က ဘွဲ့တစ်ခုခုတော့ရစေချင်တယ်။ အဲဒီတော့ကျွန်တော်တို့မောင်နှစ်မ၄ယောက်လုံး ဘွဲ့ရခဲ့တယ်။ ကိုယ်လည်းမိဘနေရာရောက်လာတော့ ကိုယ့်သားသမီးကို ဘွဲ့တစ်ခုတော့ရစေချင်တယ်။ အဲဒီတော့သားကိုလည်းပြောတယ်။ မင်းဘွဲ့ရအောင်လုပ်ပေါ့။ ဘွဲ့ရရင်မင်းကြိုက်တာလုပ်ဆိုပြီး ပြောဖြစ်တယ်။ သူအင်ဂျင်နီယာဖြစ်တယ်။ ပြီးတော့သူကီးဘုတ်တီးချင်တယ်လို့ပြောတော့တီးပေါ့။ တတ်အောင်သင်လိုက်ပါ။ ပညာတစ်ခုကိုဟိုမရောက်ဒီမရောက်တော့မလုပ်နဲ့။ အဲဒီလိုတော့ ကျွန်တော်ကိုယ့်သားသမီးကိုဆုံးမတယ်’’လို့ သားဖြစ်သူနဲ့ပတ်သက်လို့ သူ့ရဲ့ဆုံးမပဲ့ပြင်ခဲ့မှုကို ဦးကင်းကောင်ကပြောပြပါတယ်။
လင်းအက္ခရာ