သရုပ်ဆောင် မယ်လိုဒီက သားဦးလေးမွေးဖွားပြီး နောက်ပိုင်းမှာလည်း အနုပညာ အလုပ်တွေ ပြန်လည် လုပ်ကိုင်နေသလို သားနဲ့လည်း တွဲဖက်ပြီး ကြော်ငြာရိုက်ကူးမှုတွေ များပြားတာကို တွေ့ရပါတယ်။ သားလေး မွေးဖွားလာခြင်းက မယ်လိုဒီအတွက်တော့ အရင်အချိန်တွေထက် ပိုပြီး ကံကောင်းလာတယ်လို့ ဆိုပါတယ်။ သားလေးကလည်း လူချစ်လူခင် များတယ်ဆိုတဲ့ မယ်လိုဒီက . . .
“မျိုးတို့က အိမ်ထောာင်ကျပြီး ကလေးရပြီးတဲ့ အချိန်မှာ ပိုပြီးကံကောင်းလာတယ်လို့ ပြောလို့ရတယ်။ အရင်ကလည်း ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆိုတွေကို နားလည်မပေးနိုင်တဲ့ လူမျိုးတွေလည်း ရှိခဲ့တယ်။ တကယ်ကိုယ့်ကိုယ်တိုင်ကလည်း မှားခဲ့တာလေးတွေလည်း ရှိခဲ့ဖူးပါတယ်။ အခုကျတော့ သားကိုချစ်ပြီး မျိုးကို နားလည်ခွင့်လွှတ်ပြီး ချစ်ကြတဲ့အတွက် အခုတအား ပျော်ရပါတယ်။ လူဆိုတာကလည်း အချစ်ခံရလေလေ ပိုလောဘကြီးလေလေ ပုံစံမျိုးတွေလည်း ရှိပါတယ်။ သားကြောင့်လည်း မျိုးက ဘဝမှာ အများကြီး ပျော်ရွှင်ရတယ်။ သူက လူချစ်လူခင်ပေါတဲ့ အတွက်လည်း ဝမ်းသာရပါတယ်။ အဓိကကတော့ ကိုယ့်သား သမီးကို ချစ်တဲ့ခင်တဲ့ လူတွေပိုများ စေချင်တာပေါ့လေ။ သားကိုလည်း သူတော်ကောင်းလေး ဖြစ်စေချင်သလို သားရဲ့ဘဝမှာလည်း သူတော်ကောင်းတွေနဲ့ပဲ တွေ့စေချင်ပါတယ်။ ဒါကတော့ မျိုးရဲ့ဆန္ဒပါ” လို့ ပြောပြပါတယ်။
မယ်လိုဒီရဲ သားလေးကတော့ အခုဆိုရင် အသက်နှစ်နှစ်နဲ့ ဆယ်လကို ရောက်ရှိနေပြီဖြစ်ပြီး မေမေ မယ်လိုဒီက နောက်ထပ်ကလေး ထပ်ယူဖို့တော့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။ သားရဲ့ အနာဂါတ်မှာလည်း ဖြစ်ချင်တဲ့ ဆန္ဒတွေကို ဖြည့်ဆည်းသွားမယ်ဆိုတဲ့ မယ်လိုဒီရဲ့ ပံ့ပိုးမှုက . . .
“သားသားကြီးလာရင်လည်း သူဖြစ်ချင်တာ သူလုပ်ချင်တာကို မျိုးက ပံ့ပိုးမှာပါ။ မတားပါဘူး။ အနုပညာ အလုပ်ပဲဖြစ်ဖြစ်၊ စာပဲဖတ်ဖတ် ဘာပဲဖြစ်ဖြစ် ကြိုက်တာလုပ်ပါ။ အခုတော့ သူက ကလေးဂစ်တာလေး တစ်လက်နဲ့ ဒို.. ရေ.. မီ.. ဖာ.. ကို သူ့ဘာသာစမ်းနေပြီ။ ကြီးလာရင် ဘာဖြစ်မလဲတော့ မသိသေးဘူး။ မျိုးကတော့ မိခင်တစ်ယောက် အနေနဲ့ ဘာဖြစ်ချင်တာကို အကောင်းဆုံး ပံ့ပိုးသွားမှာပါ။ သားက အခုတော့ သိပ်ပြီး ဂျီမကျတတ်ဘူး။ ငိုရင်လည်း နှစ်မိနစ် မကျော်ဘူး။ သားက အစ်မကို စိတ်ချမ်းသာစေတယ်။ သူ့ရဲ့ အပြုအမူအားလုံးက အစ်မကို စိတ်ချမ်းသာစေတယ်။ သားက အခု ၂နှစ်ကျော်ပြီး သားမေမေက ၃၆ နှစ်ဆိုတော့ အသက်ကြီးပါပြီ။ နောက်ထပ်ကလေးထပ် ယူဖို့လည် အစီအစဉ် မရှိသေးပါဘူး။ နောက်ထပ်ကလေး ထပ်ယူဖို့လည်း အစီအစဉ် မရှိသေးပါဘူး” လို့ ပြောပြပါတယ်။ မယ်လိုဒီရဲ့ အနုပညာ လှုပ်ရှားမှုကတော့ မေလထဲမှာ သက်မွန်မြင့်၊ ပိုင်ဖြိုးသုတို့နဲ့အတူ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း