ရန်ကုန်တိုင်း၊သာကေတမြို့နယ်ရှိ ကမာကြည်တံတားပေါ်မှ နိုဝင်ဘာ ၂၆ ရက်(ယနေ့)နံနက်ပိုင်းက အမျိုးသမီးငယ်တစ်ဦးခုန်ချရန်ကြံစည်မှုဖြစ်ပွားခဲ့သည်ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
ယင်းနေ့နံနက် ၁၀ နာရီခွဲကျော်ခန့်က ကမာကြည်တံတားပေါ်မှ ခုမ်ချရန်ကြံစည်နေသည့် အသက် (၂၀)နှစ်အရွယ်ခန့်ရှိ အမျိုးသမီးငယ်အားတွေ့ရှိရသဖြင့် ဖြတ်သန်းသွားသည့် အမျိုးသား ၂ ဦးက အချိန်မီဆွဲ၍ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
“ဖြစ်စဥ်ကဟုတ်တယ် ကောင်မလေးကခုန်ချဖို့လုပ်နေတဲ့အချိန် လမ်းသွားတဲ့လူ ၂ ယောက်ကလှမ်းဆွဲပြီးကယ်လိုက်တယ် ပြီးတော့လူမှုကူညီရေးအသင်းတွေကို ဖုန်းဆက်အကူအညီတောင်းခဲ့တာပါ”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ ၏ သတင်းပြန်ကြားရေးတာဝန်ခံကိုဇင်လင်းမောင်ကပြောသည်။
အခင်းဖြစ်နေရာသို့ လူမှုကူညီရေးအသင်းဝင်များရောက်ရှိလာကာ ဖျောင်းဖြပြောဆို၍ ယင်း အမျိုးသမီးငယ်အား နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“ဖုန်းဆက်အကြောင်းကြားလို့သွားပြီး ဖျောင်းဖြခဲ့ရတယ် ပြီးတော့မှသူ့အိမ်ကိုလိုက်ပို့ပေးလိုက်ပါတယ်”ဟု သတင်းပြန်ကြားရေးတာဝန်ခံကိုဇင်လင်းမောင်ကပြောသည်။
အမှတ်(၂)ကမာကြည်တံတားပေါ်မှ အောက်တိုဘာ ၂၄ ရက်နံနက်ပိုင်းကလည်း အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးခုန်ချ၍ သေကြောင်းကြံစည်ခဲ့သည်။
ပုံစာ-အောက်တိုဘာ ၂၄ ရက်က အမှတ်(၂)ကမာကြည်တံတားပေါ်မှခုန်ချသွားသည့် အမျိုးသမီးအားရှာဖွေနေကြစဥ်-


