ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ပြည်သူ့ပါတီဆိုင်းဘုတ်များစိုက်ထူခြင်းကို ယနေ့တွင်စတင်ပြီဖြစ်ကြောင်း ပြည်သူ့ပါတီမှ သိရသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူခြင်းကို သာကေတမြို့နယ်ရှိ ရပ်ကွက် ၁၆ ခုတွင် စိုက်ထူသွားမည်ဖြစ်ပြီး ယနေ့တွင် ၁၀ ဈေးနှင့် သာကေတအဝိုင်းတွင် စတင်စိုက်ထူခဲ့ကြောင်း သိရသည်။
” သာကေတမြို့နယ်မှာတော့ ဆိုင်းဘုတ်အရေအတွက်က စုစုပေါင်း ၁၆ ခု ထောင် သွားမယ်။ ဒီနေ့နဲ့ မနက်ဖြန်မှာ အပြီးထောင်သွားမယ်။ မဲဆွယ်စည်းရုံးရေးဆင်းတာနဲ့ ရပ်ကွက်တွေထဲ လက်ကမ်းစာစောင်ဝေတာကတော့ တစ်ရက်သီးသန့် လုပ်သွားပါမယ်။ နောက်ပြီးတော့ အောင်နိုင်ရေးရုံးလည်း သာကေတမှာ ဖွင့်ဖို့ရှိတယ်။ အောင်နိုင်ရေးရုံးရော ဒီဆိုင်းဘုတ်တွေရော အားလုံးဖွင့်ပွဲလုပ်သွားမယ်။ အဲဒီကျမှ ဖွင့်ပွဲမှာရော ရပ်ကွက်ထဲ အင်အားပြည့် စည်းတန်း လှည့်လည်မယ်။ လက်ကမ်းစာစောင်တွေ ဝေမယ်” ဟု ပြည်သူ့ပါတီ သာကေတမြို့နယ် ဥက္ကဌဦးနိုင်လင်းထွန်းက ပြောသည်။
ထို့ပြင် မဲဆန္ဒရှင်ပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။
အလားတူ ဒဂုံအရှေ့နှင့် မြောက်ဒဂုံတွင် ပြည်သူ့ပါတီဆိုင်းဘုတ်များ စိုက်ထူလျက်ရှိကြောင်း သိရသည်။
ဒေါပုံ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာနှင့် စမ်းချောင်းမြို့နယ်တို့တွင် ဆိုင်းဘုတ်စိုက်ထူခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ၅၀၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
