သမ္မတထရမ့်၏ အိမ်ဖြူတော် ကပွဲခန်းမအသစ် ဆောက်လုပ်ရန် အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် အိမ်ဖြူတော်၏ အရှေ့တောင်ပံ တစ်ခုလုံးကို ဖြိုချနေပြီဖြစ်သည်။ မူလက စီစဉ်ထားသည်ထက် များစွာ ပိုမိုကျယ်ပြန့်သော ဖြိုဖျက်မှုအား ဆက်လက်လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။
သမ္မတ ဒေါ်နယ်လ် ထရမ့်၏ ဒေါ်လာ သန်း ၂၅၀ တန် အဆိုပါ အိမ်ဖြူတော် ကပွဲခန်းမကို ပုဂ္ဂလိက ရန်ပုံငွေဖြင့် ဆောက်လုပ်နေခြင်း ဖြစ်သည်။
စတုရန်းပေ ၉၀,၀၀၀ ကျယ်ဝန်းမည့် ကပွဲခန်းမ စီမံကိန်းအကြောင်းကို ထရမ့်က သူ၏ရုံးခန်းတွင် ဆွေးနွေးခဲ့ပြီး နိုင်ငံခြားခေါင်းဆောင်များကို လည်းထိုနေရာတွင် လက်ခံတွေ့ဆုံနိုင်မည်ဟုလည်း ပြောကြားခဲ့သည်။ အိမ်ဖြူတော် ကိုယ်ထည်၏ အရွယ်အစား နှစ်ဆနီးပါးရှိသော ယင်းကပွဲခန်းမသည် လူ ၁,၀၀၀ ခန့်ကို ဧည့်ခံနိုင်မည်ဟု သမ္မတက ပြောကြားခဲ့သည်။
အရှေ့တောင်ပံ တစ်ခုလုံးကို ဖြိုဖျက်ခြင်းသည် ဝေဖန်မှုအချို့ကို ဖြစ်ပေါ်စေခဲ့သော်လည်း အိမ်ဖြူတော်တာဝန်ရှိသူများကမူ ထိုဝေဖန်မှုများသည် လက်ဝဲယိမ်းအုပ်စုဘက်မှ ဖန်တီးထားသော ဒေါသများဖြစ်သည်ဟု အခိုင်အမာ ပြောကြားပြီး သမိုင်းတစ်လျှောက်တွင် ယခင့်ယခင်သမ္မတများလက်ထက်ကလည်း ပြုပြင်မွမ်းမံမှု ၁၀ ခုကျော်ရှိခဲ့ကြောင်း ဥပမာများကိုပါ ထပ်လောင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဗိသုကာပညာရှင်တချို့နဲ့ အများကြီး လေ့လာပြီးနောက်မှာ၊ တကယ်ပဲ ဖြိုချပစ်ဖို့၊ အပိုင်းငယ်လေး တစ်ခုကို သုံးဖို့ ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အိမ်ဖြူတော် အရှေ့တောင်ပံက သိပ်ပြီး မကြီးပါဘူး” ဟု သူက ပြောကြားခဲ့သည်။
