သန်လျင်တံတား အမှတ် (၃)ဖွင့်ပွဲကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရန် စီစဉ်ထားသူ (၉)ဦးကို ဖမ်းဆီးရမိပြီးနောက် နောက်ဆက်တွဲ အဖွဲ့ဝင်(၄)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးက ယမန်နေ့ညပိုင်းက ထုတ်ပြန်ထားသည်။
အဆိုပါ (၄)ဦးမှာ Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် မျိုးသိန်းထွန်း၊ ဇော်ကြီး(ခ)ကိုထက်၊ ရဲဇော်ထွန်းနဲ့ ရှိန်းမြင့်မိုရ်အောင်တို့ဖြစ်ပြီး ဇွန်လ (၁၄) ရက်၌ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့အား FGC-9 ေ-သနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ လက်လုပ်မိုင်း တစ်လုံး၊ တရုတ်လက်ပစ်ဗုံး တစ်လုံး၊ ရီမုတစ်ခု၊ ပွိုင့်-၃၈ ကျည် (၂၉) တောင့်၊ လက်လုပ်မိုင်း (၅) လုံး၊ လက်လုပ်ရှို့ပစ်ဗုံး (၁)လုံး၊ Keypad ဖုန်း (၄)လုံး၊ ဓာတ်ခဲ (၉) လုံး၊ ပုလဲဓာတ်မြေဩဇာ (၁)ထုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများသည် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်နှင့် လှိုင်သာယာမြို့နယ်များတွင် ဖောက်ခွဲမှုနှစ်ကြိမ်လုပ်ခဲ့သူများဖြစ်ကြောင်းလည်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
နစက၏ သတင်းထုတ်ပြန်ချက်အရ ၎င်းတို့ (၄) ဦးအနက် မျိုးသိန်းထွန်းနှင့် ရဲဇော်ထွန်း(ခ)ဖီးနစ်တို့ကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်ရှိ တိရိစ္ဆာန်ဥယျာဉ်ဝန်းထမ်းအိမ်ရာတွင် လည်းကောင်း၊ ဇော်ကြီး(ခ) ကိုထက်နှင့် ရှိန်းမြင့်မိုရ်အောင်တို့ လှိုင်သာယာမြို့နယ် ၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာမှလည်းကာင်း အသီးသီးဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သံလျင်တံတား အမှတ်(၃) ဖွင့်ပွဲကို ဇွန်လ (၈)ရက် နံနက်ပိုင်းက နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် သံလျင်တံတား အမှတ်(၃) ဖွင့်ပွဲအား ရှော့တိုက်ဒုံးဖြင့်ပစ်ရန် ကြံစည်သူ (၁၃) ဦး ဖမ်းဆီးရမိထားပြီး အဆိုပါ ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွ က်မည်ဟု နစက သတင်းထုတ်ပြန်ရေးက သတင်းထုတ်ပြန်ထားသည်။


