အိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံမြို့ရှိ ကုသိနာရုံမြန်မာကျောင်း၌ “သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် အရှင်သူမြတ် (၂) ပါးတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နစကမှဆက်ကပ်လှူဒါန်းသည့် “သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် အရှင်သူမြတ် (၂) ပါးအား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား သို့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးတက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ “သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် အရှင်သူမြတ် (၂) ပါးအား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များဆက်ကပ်လှူဒါန်းပွဲ အခ မ်းအနားသို့ ပရဒေသီသံဃနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌဆရာတော် ကုသိနာရုံ မြန်မာကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအမှူးပြုသော မြန်မာကျောင်းများမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ ပါဝင်တက်ရောက်ခဲ့သည်။
ထို့အတူ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်အတူ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ ကော်ကတ္တားမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးအောင်အောင်မျိုးသိမ်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
၂၀၂၅ ခုနှစ်သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များအား ရဟန်းတော် (၄၁၅) ပါး၊ သီလရှင် ဆရာကြီး (၃၆) ပါး၊ လူပုဂ္ဂိုလ် (၅၃) ဦးတို့ကို ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
ပြည်ပနိုင်ငံ အသီးသီးမှ ဘွဲ့ခံဆရာတော်ကြီး(၈)ပါး၊ သီလရှ င်ဆရာကြီး(၁)ပါးနှင့် လူပုဂ္ဂိုလ်အမျိုးသားနှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၃)ပါး/ဦးတို့အနက် အမြင့်ဆုံးဘွဲ့ (၂) မျိုးဖြစ်သည့် အဘိဓဇမဟာရဌဂုရုနှင့် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇတို့ကိုသာ မြန်မာနိုင်ငံသို့ ပင့်ဖိတ်၍ ဘွဲ့တံဆိပ်တော်နှင့် အဆောင်ယောင်များ အပ်နှင်းချီးမြှင့်ခဲ့ကြောင်း သိရသည်။
သို့သော် အခြားသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအား သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများမှ ပေးအပ်ချီးမြှင့်လေ့ရှိကြောင်း သိရသည်။