မွန်ပြည်နယ် ၊ သထုံမြို့ ကြာပန်းအထွက် ကျွန်းတောကွေ့အနီးတွင် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ် ရေမြောင်းထဲသို့ အရှိန်လွန်ထိုးကျ တိမ်းမှောက်ရာ ဆိုင်ကယ်မောင်း အမျိုးသား အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဇူလိုင် (၃)ရက် ညနေ (၆)နာရီအချိန်ခန့်က ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှောက်နေကြောင်း ဖုန်းဆက်အကူညီတောင်းခံချက်အရ အကြင်နာတွဲလက်အသင်း (သထုံ)မှ ပရဟိတလူငယ်များသွားရောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နေရာသို့ သွားရောက်ရာ ဆိုင်ကယ်မောင်းသူအသက် (၅၀) ဝန်းကျင် (ခန့်မှန်း) နေရပ်၊ လိပ်စာ၊ အမည်မသိ အမျိုးသားမှာ ဦးခေါင်းနှင့် မျက်နှာတို့တွင် ပေါက်ပြဲ ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရ လူနာအမျိုးသားအား အသင်းမှ မြေပြင်ကုသမှုများပေးပြီး ဆေးဝါးကုသမှု ခံယူရန် သထုံ ပြည်သူ့ဆေးရုံကြီးသို့ အသင်းပိုင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံသို့ အရောက်တွင် လူနာအမျိုးသားမှာ ရရှိထားသော ဒဏ်ရာများဖြင့် အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းသို့ အသက်ဆုံးရှံားသွားသည့် ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်းအား သထုံဆေးရုံကြီး (ရင်ခွဲရုံ)သို့ ထပ်မံကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


