ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိဟုဆိုကာ သတင်းအေဂျင်စီလုပ်ငန်း (၃) ခုကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှစ၍ လုပ်ငန်းပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
လုပ်ငန်းပိတ်သိမ်းခြင်းခံရသည့် သတင်းအေဂျင်စီများမှာ မြေလတ်အသံ (Myaelatt Athan)၊ Red News Agency နှင့် Asia Citizens (အာရှနိုင်ငံသားများ) သတင်းအေဂျင်စီတို့ ဖြစ်ကြသည်။
အဆိုပါ သတင်းအေဂျင်စီများသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) ပါ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေနိုင်သည့် အကြောင်းအရာများကို ရေးသားလွှင့်တင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစား တစ်ခုခုကိုဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ခြင်းများ မပြုလုပ်ရန် ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် အသိပေးကြေညာထားကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံအတွင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) နှင့် သတင်းအေဂျင်စီလုပ်ငန်းများအား ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ စာရင်းများကို ဇယားဖြင့်ဖေါ်ပြထားပါသည်။
ထုတ်ပြန်ထားသော စာရင်းများအရ အထွေထွေထုတ်ဝေခြင်းလုပ်ငန်းမှာ (၂,၄၁၁) ခု၊ပုံနှိပ်ခြင်းလုပ်ငန်းမှာ (၁,၈၃၃) ခု၊ သတင်းစာထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများမှာမူ တည်ရှိဆဲအရေအတွက် (၄၉) ခုနှင့် (၄၉၆) ခုစီ အသီးသီး ရှိနေပါသည်။
