သင်္ကြန်ကာလအပြီးတွင် ပြည်တွင်းရွှေဈေးနှုန်းသည် (၄၈) သိန်းကျော်အထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် သင်္ကြန်ပိတ်ရက် မတိုင်မီက ပြည်တွင်းရွှေဈေး သည် (၄၇) သိန်းဝန်းကျင်သာရှိပြီး ယမန်နေ့က စတင်ကာ (၄၈) သိန်းအထိမြင့်တက်လာခြင်းဖြစ်သည်။
သင်္ကြန်မတိုင်ခင် ဧပြီလ ပထမပတ်နှင့် ဒုတိယပတ်အစပိုင်းတွင် ပြည်တွင်းရွှေဈေးကွက်အတွင်း အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် (၄၅) သိန်းအောက်ပြန်လည်ကျဆင်းခဲ့ရာမှ သင်္ကြန်ပိတ်ရက်နားအနီးတွင် (၄၇) သိန်းဝန်းကျင်အထိ မြင့်တက်လာခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးသည်လည်း နေ့စဉ်နှင့်အမျှ ဈေးမြင့်တက်လျက်ရှိကြောင်း၊လက်ရှိရောက်ရှိနေသည့် ရွှေဈေးနှုန်းသည် နှစ်အလိုက် ရွှေရောင်းဝယ်သည့် ဈေးနှုန်းမှတ်တမ်းများအနက် စံချိန်တင် အမြင့်ဆုံးရောက်ရှိနေသော ဈေးနှုန်းဖြစ်သည်။
ယင်းကဲ့သို့ ရွှေဈေးအဆမတန် မြင့်တက်နေခြင်းကြောင့် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA က သတ်မှတ်ရည်ညွှန်းဈေးအောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ရန်နှင့် မပြုလုပ်နိုင်ပါက အရောင်းအဝယ်ရပ်ထားရန် အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လ လကုန်ပိုင်းက ရွှေဈေးကွက်အတွင်း လေပတ်ကားရောင်းဝယ်သည်ဟု သံသယရှိသူများကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးခဲ့ပြီး ဈေးနှုန်း မငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်သူများကိုလည်း စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။
ဧပြီလ လဆန်းပိုင်းကလည်း ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်သည့် ရန်ကုန်မြို့ရှိ နာမည်ကြီးမောင်ကိန်းရွှေဆိုင်အပါအဝင် ရန်ကုန်နှင့် မန္တလေးတို့ရှိ ရွှေဆိုင်နှင့် ရွှေလုပ်ငန်း လုပ်ကိုင်သည့် (၇) ဆိုင်ကို အရေးယူဆောင်ရွက်ထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ထားသည်။