ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ဝေဇယန္တာလမ်မကြီးပေါ်တွင် မေ (၂၅) ရက် ညပိုင်းက အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ပက်လက်လန်တိမ်းမှောက်ကာ ယာဉ်မောင်းသူ ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ကောင်းမှုဆောင် လူမှုကူညီရေးအသင်းမှ သိရသည်။
ယမန်နေ့ ည (၁၀) နာရီခွဲခန့်က ဝေဇယန္တာလမ်းမကြီးအတိုင်း အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသား (၁) ဦးမောင်းနှင်လာသည့် အိမ်စီးကားသည် စာဂလမ်းအနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကျော်တက်ပြီး တဖက်လမ်းဘေးတွင် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
“ကားက ပလက်ဖောင်းကို အရင်ဝင်တိုက်တယ်။ နောက် လမ်းလယ်ကျွန်းကို ကျော်တက်သွားပြီး တစ်ဖက်ယာဥ်ကြောက လမ်းဘေးမှာ လက်လက်လန်သွားတယ်။ လမ်းလယ်ကျွန်းပေါ်က သစ်ပင်တွေလည်း ပျက်စီးသွားတာရှိသလို ကားတစ်စီးလုံးကလည်း ရစရာမရှိအောင် ပျက်စီးသွားတယ် “ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဥ်ကြောင့် မောင်းနှင်လာသည့် အမျိုးသားတွင် ပုခုံးအဆစ်ပြုတ်ဒဏ်ရာရရှိခဲ့သဖြင့် ကောင်းမှုဆောင် လူမှုကူညီရေးအသင်းကားဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။