အလုပ်သမားများထံမှ ဝန်ဆောင်ခငွေများ ကြိုတင်ရယူပြီး ပြည်ပတွင် အလုပ်လုပ်ကိုင်ရန် မစီစဉ်ပေးနိုင်မှုနှင့် ပြဿနာဖြစ်နေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ (၂)ခုကို အလုပ်သမားဝန်ကြီးဌာနက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရာသက်ပန် ပိတ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ အေဂျင်စီနှစ်ခုမှာ Myint Mo Phue Pwint အေဂျင်စီနှင့် Lu Kyaw အေဂျင်စီတို့ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနက အကျိုးဆောင်လိုင်စင် ရာသက်ပန် ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။
Myint Mo Phue Pwint အေဂျင်စီသည် အလုပ်သမား ၁၆ ဦး၏ တိုင်ကြားချက်အရ စစ်ဆေးခံရပြီး လိုင်စင်ပိတ်သိမ်းခံရခြင်း အပါအဝင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၉ တို့ဖြင့်လည်း အမှုဖွင့်အရေးယူထားကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“တိုင်ကြားမှုတွေလည်း များသလို၊ စစ်ဆေးချက်အရ အလုပ်သမားတွေရဲ့ ငွေတွေကို မတရားရယူထားတာတွေပါ ပေါ်လာတာကြောင့် အခုလို အရေးယူခံရတာ ဖြစ်ပါတယ် ” ဟု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းအေဂျင်စီနှစ်ခုသည် ထိုင်း၊ မလေးရှားနှင့် ဂျပန်နိုင်ငံများသို့ အဓိကစေလွှတ်နေခြင်းဖြစ်ပြီး အလုပ်သမားများထံမှ ကြိုတင်ငွေယူထားကာ နှစ်နဲ့ချီ အချိန်ကာလကြာကြာ အလုပ်လုပ်ကိုင်ရန် မလွှတ်ပေးနိုင်ခြင်းကြောင့် ပြဿနာဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
ယခုပိတ်သိမ်းလိုက်သည့် အေဂျင်စီ (၂)ခု အပါအဝင် အလုပ်သမားဝန်ကြီးဌာနက လက်ရှိအချိန်အထိ အကျိုးဆောင်လိုင်စင် ရာသက်ပန်ပိတ်သိမ်းခဲ့သည့် အေဂျင်စီပေါင်း (၂၄) ခုရှိပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
လက်ရှိတွင် ပြည်ပသို့ အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင်ရယူထားသည့် အေဂျင်စီစုစုပေါင်း ၄၅၅ ခုအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ပုံစာ-မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားမှ MOU လုပ်သားများ စေလွှတ်စဉ်