ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့်အစည်းအဝေးတက်ရောက်နေသော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် အစည်းအဝေးတက်ရောက်လာသည့် နိုင်ငံ(၇)ခုမှ နိုင်ငံခြားရေးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
မိုဇမ်ဘစ်နိုင်ငံခြားရေးဝန်ကြီး H.E. Maria Manuela Lucas ၊ အီရန်နိုင်ငံခြားရေးဝန်ကြီး H.E. Abbas Araghchi ၊ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး H.E. Maxim RYZHENKOV၊ ကျူးဘားနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bruno Rodríguez Parrilla၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် H.E. Md. Touhid Hossain ၊ အီတလီနိုင်ငံဆိုင်ရာ နီကာရာဂွါ သံအမတ်ကြီး H.E. Mrs. Monica Robelo Raffone ၊ ယူဂန်ဒါသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Gen. Odongo Jeje Abubakhar တို့နှင့်တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံပြီးနောက် ရှိရင်းစွဲသံတမန်ဆက်ဆံရေးပိုမိုခိုင်မာအားကောင်းစေရေး၊ နှစ်နိုင်ငံအဆင့်နိုင်ငံရေးရာဆွေးနွေးမှုများပြုလုပ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများတွင် ပိုမိုထိတွေ့ ညှိနှိုင်းဆောင်ရွက်ရေး၊ မြန်မာ-ယူဂန်ဒါနှင့် မြန်မာ-မိုဇမ်ဘစ်တို့ကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးစတင်ထူထောင်နိုင်ရေးအလားအလာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ဝန်ကြီးဦးသန်းဆွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်နှင့်တွေ့ဆုံစဥ် ၂၀၁၆-၂၀၁၇ ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့နေရပ်စွန့်ခွာသွားသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မြန်မာဘက်ကဆောင်ရွက်နေမှုများကို အလေးပေးပြောကြားခဲ့သည်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း (၁၉၃)နိုင်ငံအနက် အာဖရိကရှိ နိုင်ငံ(၂၁)နိုင်ငံအပါအဝင် နိုင်ငံပေါင်း(၁၂၆)နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားရှိပြီးဖြစ်သည်။
