ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သော နေပြည်တော်၌ ဝန်ကြီးဌာနများ၏ ယာယီရုံးခန်းများကို အသင့်ဖြုတ်တပ်နိုင်သည့်အိမ် (Modular House) များဖြင့် လုပ်ဆောင်လျက်ရှိသည်။
အဆိုပါ Modular House များကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ကူညီပေးထားခြင်းဖြစ်ပြီး တည်ဆောက်နေမှုအား ယမန်နေ့တွင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့သို့ သွားရောက်ကြည့်ရှုစဉ် ရွေးကောက်ပွဲဆိုင်ရာရုံးများနှင့် Server Room များ စနစ်တကျထားရှိရေးနှင့် လုံခြုံရေးအထူး ဂရုပြုရန် မှာကြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင်လည်း လဝက၊ အလုပ်သမားဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်၊ စီးပွားကူးသန်း၊ လျှပ်စစ်စွမ်းအားစသည့် ဝန်ကြီးဌာနများ၌ ယာယီရုံးခန်းဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။
ထို့အတူ ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများကိုလည်း ယာယီနေထိုင်နိုင်ရန် အိမ်ယာများ ဆောက်လုပ်ပေးနေကြောင်း သိရသည်။
မတ်လ (၂၈) ရက်၌ လှုပ်ခဲ့သည့် ငလျင်ကြီးကြောင့် နေပြည်တော်တွင် ဝန်ထမ်းအိမ်ရာ (၄) ထောင်ကျော်ရှိသည့်အနက် ထက်ဝက်ခန့် ပျက်စီးခဲ့ပြီး ကျန်အိမ်ရာများမှာလည်း လူနေထိုင်ရန် မသင့်လျော်သည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။