ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (ဘီအင်န်ပီ) ယာယီဥက္ကဌ တာရစ်ခ်ရာမန်သည် ပြည်ပတွင် ၁၇ နှစ်ကြာ တိမ်းရှောင်နေပြီးနောက် ကြာသပတေးနေ့တွင် ဒါကာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်နေရာအတွက် ထိပ်တန်းပြိုင်ဘက်ဖြစ်လာရန် အလားအလာရှိသော ၎င်း၏ ပြန်လာမှုကြောင့် ထောက်ခံသူများကို စိတ်ဓာတ်ခွန်အားဖြစ်စေလိမ့်မည်ဟု ပါတီက မျှော်လင့်ထားသည်။
မြို့တော်လေဆိပ်မှ ကြိုဆိုရေးအခမ်းအနားကျင်းပရာနေရာအထိ ထောင်ပေါင်းများစွာသော ထောက်ခံသူများသည် ပါတီအလံများ၊ ဆိုင်းဘုတ်များ၊ စာတမ်းများနှင့် ပန်းများကို ကိုင်ဆောင်ကာ ကြွေးကြော်သံများကို ဟစ်ကြွေး၍ ရာမန်ကို ကြိုဆိုခဲ့ကြသည်။ ဘီအင်န်ပီပါတီအကြီးတန်းခေါင်းဆောင်များက ဒါကာလေဆိပ်တွင် လုံခြုံရေးတင်းကျပ်စွာချထားကာ သူ့ကို ကြိုဆိုခဲ့သည်။
နာမကျန်းဖြစ်နေသော ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ၏သားဖြစ်သည့် အသက် ၆၀ နှစ်အရွယ် ရှိပြီဖြစ်သော ရာမန်သည် ၂၀၀၈ ခုနှစ်မှစ၍ လန်ဒန်တွင်နေထိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှစ၍ ယာယီဥက္ကဌအဖြစ် ဘီအင်န်ပီ ပါတီ ကို ဦးဆောင်ခဲ့သည်။
မိခင်နိုင်ငံတွင် ရာဇဝတ်မှုများစွာနှင့်ရင်ဆိုင်နေရသောကြောင့် ရာမန်သည် နေရပ်ပြန်နိုင်ခဲ့ခြင်း မရှိပေ။ ရာမန်သည် ငွေကြေးခဝါချမှု၊ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတွင် ဆက်နွယ်ပတ်သက်မှုတို့ဖြင့် မျက်ကွယ်ပြစ်ဒ-ဏ်ချမှတ်ခံထားရသည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ်က ကျောင်းသားထုဦးဆောင်သော အုံကြွမှုတွင် ဟာစီနာရာထူးမှ ဖြုတ်ချခံခဲ့ရပြီးနောက် စီရင်ချက်များကို ပယ်ဖျ-က်ခဲ့သဖြင့် သူ့အနေဖြင့် နေရပ်ပြန်လာရေးတွင် ဥပဒေဆိုင်ရာအတားအဆီးများ ရှင်းလင်းသွားခဲ့သည်။
မိခင်ဖြစ်သူ ခါလီဒါဇီယာသည် လနှင့်ချီ၍ ပြင်းထန်စွာနာမကျန်းဖြစ်နေသောကြောင့် သူ၏ အိမ်ပြန်ခရီးသည် ကိုယ်ရေးကိုယ်တာအရလည်း အရေးကြီးသည်ဟု ဆိုနိုင်သည်။ ရာမန်သည် လေဆိပ်မှ ကြိုဆိုရေးအခမ်းအနားကျင်းပရာနေရာသို့ သွားရောက်ပြီးနောက်တွင် မိခင်ဆီ သွားရောက်မည်ဖြစ်ကြောင်း ပါတီအရာရှိများက ပြောကြားခဲ့သည်။
Ref: သည်ဂျပန်တိုင်းမ်စ်
