တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ၂ဝ၁၈ခုနှစ်ထဲမှာ လုပ်ဖြစ်မယ်လို့ အင်တာဗျူးတွေဖြေထားခဲ့ပေမယ့် ဒီတစ်ခေါက်လွှမ်းပိုင်နဲ့ တွေ့လို့ အင်တာဗျူးဖြစ်တဲ့အခါ တိကျရေရာတဲ့အဖြေမျိုးတော့ ထွက်မလာ ခဲ့ပါဘူး။
“ကျွန်တော်လုပ်မယ်၊ လုပ်မယ်နဲ့ အခုချိန်ထိလည်း မလုပ်ဖြစ်သေးဘူး။ ဒါပေမဲ့ ဘယ်တော့လုပ်မယ် ဆိုတာလည်း ကျွန်တော်အခုချိန်ထိ မသိသေးပါဘူး” လို့ လွှမ်းပိုင်ကဖြေ တော့ သူ့ပရိသတ်တွေအနေနဲ့ လွှမ်းပိုင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအိပ်မက် ပျက်သုဉ်း သွားပြီလားဆိုတာ တွေးနေဖြစ်တော့မှာပါ။ လတ်တလောမှာတော့ လွှမ်းပိုင်ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်ခ်စာမျက်နှာကနေ ‘ဘာညာ ဘာညာ’ဆိုတဲ့ သီချင်းသစ်တစ်ပုဒ်ကို Music Video နဲ့ တကွ အခမဲ့ဖြန့်ချီထားတာ တွေ့ရပါတယ်။
မတ်လထဲမှာတော့ လွှမ်းပိုင်ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာတော့မှာပါ။ ရဲရင့်အောင်ရယ်၊ ဖွေးဖွေးရယ်ပါဝင် သရုပ်ဆောင်ထားတဲ့ ‘ငါ့ကို နမ်းတဲ့မုန်တိုင်း’ရုပ်ရှင်ဇာတ် ကားကြီးနဲ့ ပတ်သက်ပြီးလည်း လွှမ်းပိုင်က…
“ကျွန်တော်အခု လက်ရှိကြား ထဲမှာ သီချင်းခွေ တစ်ခွေထွက်ဖို့လုပ်နေပါတယ်။ ပြီးရင် ၃လပိုင်းလလယ် လောက်ကျရင် ကျွန်တော်တို့ရိုက်ထားတဲ့ ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’ ရုပ်ရှင်ကားကြီးရုံတင်ပြသဖို့ရှိပါတယ်။ ကျွန်တော်ရယ်၊ ရဲရင့်အောင်ရယ်၊ ဖွေးဖွေးရယ် သရုပ်ဆောင်ထား ပါတယ်။ ဒါရိုက်တာ ကိုဝင်းလွင်ထက်ရယ်၊ ကိုအောင်ဇော်လင်းရယ် ၂ယောက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ အဲဒီ ဇာတ်ကားလေးရုံတင်ပြသပါမယ်” လို့ သိရပါတယ်။ လွှမ်းပိုင်ရောကြည့် ပြီးသွားပြီလားလို့ဆိုတော့…
“နောက်ဆုံးဖိုင်နယ်ကြီးအထိတော့ ကျွန်တော်မကြည့်ရသေးဘူး။ ကြားထဲမှာ တစ်ခါတော့ကြည့် ပြီးသွားပြီ။ ကြိုက်ပါတယ်” လို့ လွှမ်းပိုင်ကပြောပြီး ရဲရင့်အောင်နဲ့ ဖွေးဖွေးရဲ့ သရုပ်ဆောင်မှုကို ဘယ် လိုမြင်လဲလို့ဆိုတော့…
“တကယ့်ကိုကောင်းပါတယ်” လို့ သူကပြောပြခဲ့ပါတယ်။
မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း