ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ရန်ကုန်-ပုသိမ်သွားလမ်းမကြီးပေါ်ရှိ စိန်ဂေဟာ Shopping Centre တွင် ဇန်နဝါရီ ၂၇ ရက်(ယနေ့)ညပိုင်းက Level 3 အဆင့်မီးလောင်မှုအား ၂ နာရီခွဲကျော်ကြာငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ယမန်နေ့ည ၇ နာရီ ၄၃ မိနစ်ခန့်မှစတင်၍ လှိုင်သာ ယာမြို့နယ်၊ရန်ကုန်-ပုသိမ်သွားလမ်းမကြီးနှင့်မဟာမင်းခေါင်လမ်းရှိ စိန်ဂေဟာ Shopping Centre တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
ထိုသို့ ငြှိမ်းသတ်သော်လည်း မီးလောင်မှုမှာဆက်လက်ဖြစ်ပွားနေသဖြင့် ည ၇ နာရီ ၄၈ မိနစ်တွင် Level 1 အဆင့်ဖြင့် မြို့နယ်အချို့မှမီးသတ်ကားများ လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြသည်။
မီးလောင်ကျွမ်းမှုဆက်လက်ဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ည ၈ နာရီ ၁၃ မိနစ်၌ Level 2 အဆင့်ဖြင့် ဆက်လက်ငြှိမ်းသတ်ခဲ့ပြီး ည ၈ နာရီ ၃၃ မိနစ်တွင် Level 3 အဆင့်မီးသတ်ကားများဖြင့် ထပ်မံဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၈ နာရီ ၅၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၀ နာရီ ၂၃ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
“မီးထိန်းနိုင်ပြီးတဲ့အချိန်မှာတောင် မီးလုံးဝငြိမ်းသွားတဲ့အချိန်အထိကိုအချိန်အတော်ယူခဲ့ရတယ် Level 3 အဆင့်အထိမီးလောင်အားကအရမ်းပြင်းတယ် အကြမ်းဖျဥ်းသိထားရသလောက်ကတော့ စိန်ဂေဟာအပေါ်ဆုံးထပ်ကနေစလောင်တာလို့သိထားတယ် အတိအကျကတော့ မီးသတ်ကပဲသိလိမ့်မယ်”ဟု မီးလောင်မှုအားဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
























