ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီးတွင် သြဂုတ် (၂၆) ရက် ညပိုင်းက Alphard ကားပေါ်၌ သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၂၄၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား (၈) သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယင်းနေ့ည (၈) နာရီကျော်ခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီးတွင် နောင်မင်းအေး(၂၆)နှစ် မောင်းနှင်ကာ တင်မောင်ထွန်း (၅၅) နှစ်နှင့် မနှင်းနှင်းဝေ (၃၀) နှစ်လိုက်ပါလာသည့် TOYOTA ALPHARD ကားအား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ စစ်ဆေးရာ ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၂၄၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား (၈) သိန်းအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ စိတ်ကြွဆေးပြားများအား သယ်ဆောင်ခိုင်းသူများဖြစ်သည့် သန်းနိုင် (၅၅) နှစ်နှင့် မမြမြသီ (၅၅) နှစ်တို့အား ည (၉)နာရီခွဲတွင် တပ်ကုန်းမြို့ရှိ ကင်းသာပူးပေါင်းစစ်ဆေးရေးဂိတ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား လွိုင်လင်မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။