ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ (၃၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်အား ယနေ့ နိုဝင်ဘာ ၂ ရက်နံနက်ပိုင်းက မြို့နာမ်စေတီတော်ရင်ပြင်တော်တွင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော်ထံမှ ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များကိုရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံ၊ ဒေသကွပ်ကဲရေးမှူးက ဟော်ကြီးကျောင်းတိုက်ဆရာတော်ထံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကြွရောက်လာကြသည့် ပင့်ကျောင်းဆရာတော်များထံသို့ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော်ထံမှ ကထိန်အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ထို့ပြင် သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲအဖြစ် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက မြို့နာမ်စေတီတော် ဂန္ဓကုဋိတိုက်၊ အာရုံခံတန်ဆောင်းများနှင့် ဓမ္မာရုံများရှိ ဗုဒ္ဓရုပ်ပွားတော်များအားအနေဇာတင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
