လျှပ်စစ်ကားများအတွက် တရုတ်နိုင်ငံကတင်သွင်းလာသည့် အားသွင်းစက် (EV Charger) များ ဆိပ်ကမ်းကနေတဆင့် တင်သွင်းရောက်ရှိလာပြီဖြစ်ကြောင်း နစက ပြန်ကြားရေးမှ အသိပေးကြေညာထားသည်။
Earth Renewable ကုမ္ပဏီမှ တရုတ်နိုင်ငံကနေ တင်သွင်းလာသည့် EV Charger 60 kw ငါးစုံ နှင့် 200 kw နှစ်စုံတို့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း MITT ဆိပ်ကမ်းကနေ တင်သွင်းလာကြောင်းသိရသည်။ အဆိုပါ အားသွင်းစက်တင်သွင်းလာမှုကို သွင်းကုန်အချက်အလက်များ၊ သွင်းကုန်လိုင်စင်တွေနှင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်တွေ ကိုက်ညီမှုရှိမရှိ စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်တွင် ဆိပ်ကမ်းမှ ထုတ်ယူခွင့်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နေပြည်တော်နှင့် အမြန်လမ်းတွင်ရှိသည့် စက်သုံးဆီဆိုင်များတွင် လျှပ်စစ်ကားများအတွက် အားသွင်းစက်များ တပ်ဆင်ရန်ညွှန်ကြားထားကြောင်း၊ ယင်းအပြင် ပြည်တွင်းသို့ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားအချို့လည်း ရောက်ရှိနေပြီး ရန်ကုန်နှင့် နေပြည်တော်တို့တွင် အငှားယာဉ်တွေအဖြစ် စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။
