တနင်္သာရီတိုင်း ဒေသကြီး၊လောင်းလုံးမြို့တွင် ယနေ့ ဇူလိုင် (၂၃) ရက်နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းရေကျော်မှုဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
ယနေ့နံနက် အစောပိုင်းမှ စတင်ကာ လောင်းလုံးမြို့အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နံနက် (၈) နာရီခွဲခန့်တွင် လောင်းလုံးမြို့၊ (က)ရပ်ကွက်ရှိ မြေနိမ့်ပိုင်းနေရာဖြစ်သည့် ထားဝယ်-ရှင်မော်ကားလမ်း၏ မိုင်တိုင်အမှတ် ၁၅/၈ နှင့် ၁၅/၉ ကြား ကားလမ်းပေါ်တွင် ရေကျော်လျက်ရှိကြောင်း သိရသည်။
“မိုးကဆက်တိုက်ရွာနေတော့ မြစ်ရေချောင်းရေတွေလည်း မြင့်တက်လာတာပေါ့ဗျာ။ အဲဒီလို မြင့်တက်လာပြီး အနိမ့်ပိုင်းဖြစ်တဲ့ နေရာတွေမှာ ရေကျော်သွားတာပေါ့။ လမ်းရေကျော်နေတဲ့နေရာက ဖြည်းဖြည်းချင်းပဲသွားလို့ရတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ကားလမ်းရေကျော်နေမှုကြောင့် ဖြတ်သန်းသွားလာနေသည့် ကားများ၊ ဆိုင်ကယ်များ၊ လူများ အန္တရာယ်မဖြစ်စေရန် လောင်းလုံးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊ လူမှုကူညီရေးအသင်းဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။