ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း (သီရိလင်္ကာနိုင်ငံကမ်းလွန်) တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် (၄) ခု၌ မနက်ဖြန် နိုဝင်ဘာ ၁၇ ရက်တွင် နေရာကွက်ကြားမိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာသွန်းနိုင်ကာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း) ၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင်အများအားဖြင့်သာယာပြီး ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ကာ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကြောင်း သိရသည်။
