လူသားများ၏ ခြေဟန်လက်ဟန်ဖြင့် အချက်ပြပြောဆိုမှုသည် အခြားသော မျောက်ဝံများနှင့် အတူတူပင်ဖြစ်ခဲ့ကြပြီး၊ လူတို့က ထိုသို့ အချက်ပြပြောဆိုမှုကို ယနေ့ခေတ် ချင်ပန်ဇီနှင့် အခြားသော မျောက်မျိုးနွယ်စုများက နားလည်သေးကြောင်း နောက်ဆုံး လေ့လာတွေ့ရှိမှုအရ သိရသည်။
စကော့တလန်နိုင်ငံရှိ St Andrews တက္ကသိုလ်မှ သိပ္ပံပညာရှင်များဦးဆောင်သည့် စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့က လူနှင့် မျောက်တို့၏ ခြေဟန်လက်ဟန်များအား ဘာသာပြန်ပေးသော ဗီဒီယိုများဖြင့် မကြာသေးမီက လေ့လာသုတေသနပြုခဲ့ခြင်းဖြစ်သည်။
ချင်ပန်ဇီမျောက်များနှင့် လူသားတို့၏ဘိုးဘွားများသည် အလားတူ အချက်ပြဆက်သွယ်မှုကို အသုံးပြုဆက်သွယ်ခဲ့ကြပြီး၊ ယင်းသည် ယနေ့ခေတ် လူသားဘာသာစကားများအတွက် “အစမှတ်”လည်းဖြစ်နိုင်ကြောင်း သုတေသီတို့ကဆိုသည်။
အဆိုပါတွေ့ရှိချက်ကို PLOS Biology သိပ္ပံဂျာနယ်တွင် အစီရင်ခံဖော်ပြထားသည်။
ချင်ပန်ဇီနှင့် အချို့သောမျောက်များ၏ ခြေဟန်လက်ဟန်အချက်ပြဆက်သွယ်များသည် လူတို့၏ အမူအယာများနှင့် ၉၅ ရာခိုင်နှုန်းခန့်အထိ တူညီနေသည်ဟု St Andrews တက္ကသိုလ်မှ ဦးဆောင်သုတေသီ ဒေါက်တာ Kirsty Graham ကပြောသည်။
“ဒါတွေဟာ လူသားတွေရဲ့ နောက်ဆုံးဘိုးဘေးတွေက မျောက်တွေဆီကို မျှဝေထားခဲ့တဲ့ လက်ဟန်ခြေဟန်စွမ်းရည်တစ်ခုလို့ နဂိုကတည်းက သံသယရှိထားပြီးသားပါ။ နောက်ပိုင်းမှာတော့ လူတွေက အဲဒါကို ဘာသာစကားအဖြစ် ရွေးချယ်လိုက်တာပဲ”ဟုလည်း သူကဆိုသည်။
ဤလေ့လာမှုသည် လူသားတို့နှင့် အရင်းနှီးဆုံးမျိုးစိတ်ဖြစ်သည့်မျောက်ဝံများထံမှ ဆက်သွယ်မှုကို ဂရုတစိုက်လေ့လာခြင်းဖြင့် လက်ရှိဘာသာစကားအားလုံး၏ ဇာစ်မြစ်ဇာတ်လမ်းကို နားလည်ရန် ဆက်လက်လုပ်ဆောင်နေသည့် သိပ္ပံမစ်ရှင်၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။
(BBC)