နစက ဥက္ကဋ္ဌ က ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများ အား တွေ့ဆုံစဥ် လမ်းညွှန်အမှာ စကားပြောကြားခဲ့ခြင်း ဖြစ်သည်။နစက၏ ၂နှစ်သက်တမ်း ပြည့်ခါနီး ၃ပတ်ကျော်အလိုတွင်ပြုလုပ်သည့် အစည်းအဝေးလည်းဖြစ်သည်။
“ဒီမိုကရေစီ အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ ဒီမိုကရေစီဆိုသည်မှာ အများ၏ဆန္ဒအတိုင်း ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အနည်းစု၏ ဆန္ဒကိုလည်း အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အများ၏ ဆန္ဒဆိုတိုင်း လူနည်းစု၏ ဆန္ဒကိုပစ်ပယ်၍ ပြုမှုလုပ်ဆောင်ခဲ့မှုများကြောင့် မိမိတို့နိုင်ငံတွင် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ် ခဲ့ပြီး စည်းလုံးညီညွတ်များ ပျက်ပြားခဲ့သည်ကို သမိုင်းဖြစ်ရပ်များကဖော်ပြနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ်ကိုမှန်ကန်စွာ သိရှိနားလည်ပြီး ဆောင်ရွက်ကြရန်လိုကြောင်း ” နစက ဥက္ကဋ္ဌက ပြော သည်။
ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ အဆင့်အလိုက်၊ ဒေသအလိုက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အပါအဝင် စီမံခန့်ခွဲမှုများ အားလုံးကို မျှတစွာဖြင့် အခြေခံဥပဒေနှင့် အညီဆောင် ရွက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အာ းလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအားလုံး တစ်ပြေးညီ ခံစားခွင့်ပေးရမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။
ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဥပဒေများ ရေးဆွဲပြီးဆောင်ရွက်နိုင်ရန် မူအားဖြင့် သဘောတူပေးထားပြီး ဖြစ်သည့်အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အခြေတည်၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ထည့်သွင်းပြောကြားသွားသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေထက် အဆပေါင်းများစွာ တိုးတက်နိုင်သည့် အခွင့်အလန်းများစွာရှိသည့် အတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လများ ဖြင့်ဆောင်ရွက်ကြပြီး စိတ်သဘော ထားကြီးစွာ၊ စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။