အသက် ၁၆ နှစ်မှအသက် ၃ဝ နှစ်အရွယ် လူငယ်များကို ပန်းပုထုလုပ်ခြင်းအတတ်ပညာကို အခမဲ့သင်ကြားပေးသွားမယ်လို့ ပန်းချီ၊ ပန်းပုပညာရှင်ကိုအောင်ကျော်ထွန်းက ပြောပါတယ်။ တက်ရောက်လို သူတွေအနေနဲ့ မိဘအုပ်ထိန်းသူတွေ ကိုယ်တိုင်လာရောက် အပ်နှံရမှာ ဖြစ်ပြီး ၈တန်းအောင်ရမှာဖြစ်ကာ နေရာထိုင်ခင်းအပြင် ထမင်းပါကျွေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ သင်တန်းအနေနဲ့ လူဦးရေကန့်သတ်ထားခြင်းမရှိဘဲ စိတ်ပါဝင်စားသူတိုင်းတက်ရောက်လို့ရနိုင်ပြီး သင်တန်းတက်ရောက်ခွင့်ရရှိဖို့ လူတွေ့စစ်ဆေးမှုကို လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။ အခမဲ့သင်တန်း ဖွင့်ဖို့စဉ်းစားဖြစ်ပုံကိုတော့ ကိုအောင်ကျော်ထွန်းက..
” ကျွန်တော်နယ်မှာဘွဲ့ရပြီးတော့ ရန်ကုန်တက်လာတယ်။ ရန်ကုန်တက်လာတဲ့ ရည်ရွယ်ချက်ကတော့ ရုပ်ရှင်ရုံကြီးတွေမှာ ရုပ်ရှင်ပိုစတာကြီးတွေ ရေးချင်တာပေါ့။ ရန်ကုန်မြို့မှာ ပိုစတာရေးတဲ့ ပန်းချီဆရာဖြစ်ချင်တာပေါ့။ ကျွန်တော့်ဆရာကလည်း စာလေး ရေးပေးလိုက်တယ်။ အဲဒီလိုနဲ့အလုပ်ရုံတွေကိုသွားပြီး ကျွန်တော့် ဆရာ ဘယ်သူကလွှတ်လိုက်ပါတယ်။ အလုပ်လေးများရနိုင်မလား လို့ဆိုပြီး သွားမေးတယ်။ ဒါပေမဲ့ ဘယ်အလုပ်ရုံကမှ လက်မခံခဲ့ပါဘူး။ လက်မခံခဲ့တဲ့ အခါကျတော့ ကျွန်တော်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုက ပျက်စီးခဲ့ရတယ်။အဲဒီ့ကနေပြီးတော့ ဘယ်အလုပ်ရုံမှာမှလုပ်လို့မရတော့ နောက်ဆုံးကျတော့ စားစရာ လည်းမရှိ၊ နေစရာလည်းမရှိတဲ့အခါကျတော့ အလုပ်ရမှ ဖြစ်မယ်ဆိုပြီး စားပွဲထိုးဝင်လုပ်ရတယ်။ ဒီလိုဘဝကနေကိုယ့် ဘဝကိုစခဲ့ရပြီး အောင်မြင်အောင်ကြိုးစားခဲ့ရတာပါ။ ဒါကြောင့်ကိုယ့်လိုပဲ ရူးသွပ်တဲ့လူတွေများရှိခဲ့ရင် အခွင့်အရေးပေးချင်တာပါ။ နောက်တစ်ခုကတော့ ဒီပညာရပ်နဲ့ ကိုယ့်နိုင်ငံအတွက် Human Resource လုပ်ပေးချင်တာပေါ့။ ကိုယ်လုပ်ပေးနိုင်တဲ့ Human Resource ကဘာလဲဆိုတော့ ၈တန်းပဲအောင်အောင်၊ ၈တန်းပဲရှိရှိ ဒီပန်းပုပညာရပ်နဲ့နိုင်ငံကျော်အောင် ကြိုးစားနိုင်ခွင့်ရှိတယ်။ တိုင်းပြည်အတွက် အထောက်အပံ့တစ်ခုလည်းဖြစ်တယ်လို့လည်းခံယူပါတယ်။ ဒီရည်ရွယ်ချက်နှစ်ခုနဲ့ပါ” လို့ ပြောပြပါတယ်။
လက်တွေ့ရော စာတွေ့ရော သင်ကြားသွားမှာဖြစ်ပြီး သင်တန်းစည်းကမ်းတွေကိုဖောက်ဖျက်မှုမရှိရဘဲ အရက်သေစာသောက်စားမှုကိုတော့ လုံးဝလုပ်လို့ မရကြောင်း လည်း ကိုအောင်ကျော်ထွန်းက ပြောပါတယ်။ ပန်းပုပညာကိုအခြေခံကစပြီး သင်ကြားပေးသွားမှာဖြစ်ပြီး ကြိုးစားတဲ့သူကတော့ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ပုံတူထုလုပ်နိုင်သွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
” သင်တန်းကဘယ်နေ့စဖွင့်မယ်ရယ်လို့လည်းမဟုတ်ဘူး။ သင်ချင်တဲ့သူက ဒီနေ့လာရင်ဒီနေ့က စသင်ပေးသွားမယ်။ ကျွန်တော့်အလုပ်ရုံမှာပဲ နေသွားတော့ပေါ့။ စည်း ကမ်းချက်တွေတော့ရှိမယ်။ အိမ်ကိုပြန်ချင်တယ်ဆိုရင် ၃လနေမှ တစ်ခေါက်ပြန် ရမယ်။ အရေးကြီးတဲ့သာရေး၊ နာရေးရှိရင်ပြန်ခွင့်ပြုမယ်။ ကိုယ့် ဘာသာကိုယ်ဝတ်ချင်စားချင်တာ တွေကတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သုံးရပါမယ်။ သူကတကယ်ကိုတတ် မြောက်သွားပြီဆိုရင် ကျွန်တော်က ပိုက်ဆံပေးပြီးတော့ ကျွန်တော့်ဆီမှာလည်း အလုပ်ပြန်ခန့်မှာပါ။ သူတို့နယ် လည်း ပြန်ပြီးတော့လုပ် လို့ရပါတယ်။ ဘယ်ပညာရပ်မှာပဲ ဖြစ်ဖြစ် ပရော်ဖက်ရှင်နယ်ဖြစ် သွားရင် သူ့အနေနဲ့အလုပ်ရှာနေစရာ မလိုတော့ပါဘူး” လို့ ကိုအောင်ကျော်ထွန်းက ပြောပါတယ်။
လင်းအက္ခရာ