ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ သံဖြတ်စက် Cutter ထိခိုက်မိရာမှ ညာဘက်လက်မ ပြတ်တောက်သွားသည့် ဒဏ်ရာကို ခွဲစိတ်ပြီးပြန်ဆက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ မြိုင်လမ်း အမှတ် -၂၁၄/ခ နေထိုင်သူ မောင်စိုင်းဇော်ထိုက်သည် ဇူလိုင် (၃၀) ရက်၊ နံနက်ပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ သံဖြတ်စက် Cutter ထိခိုက်မိရာမှ ညာဘက်လက်မ ပြတ်တောက်သွားသည့် ဒဏ်ရာ (Right Thumb Traumatic Amputation) ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နံနက် (၁၁) နာရီ မိနစ် (၅၀) တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အဆိုပါ လူနာ၏ ပြတ်တောက်သွားသော ညာဘက်လက်မအား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှု (Thumb Replantation)ကို ည (၇) နာရီ (၃၅) မိနစ်တွင် စတင်ခဲ့ပြီး ည (၁၁) နာရီ (၃၅) မိနစ်တွင် ခွဲစိတ်မှုအောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ဆက်ထားသော ညာ ဘက်လက်မ၏ သွေးလည်ပတ်မှု အခြေအနေမှာကောင်းမွန်ပြီး စိတ်ချရသည့် အခြေအနေတွင်ရှိသည့်အတွက် အဆိုပါလူနာအား ဩဂုတ် (၁၂) ရက် (ခွဲစိတ်ပြီး (၁၃) ရက်မြောက်နေ့)တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ လူနာကို ပုံမှန်ပြင်ပလူနာအနေဖြင့် ဆေးရုံရက်ချိန်းဖြင့် ဆက်လက်စောင့်ရှောက် ကုသပေးလျက်ရှိရာ (ခွဲစိတ်ပြီး (၂၈) ရက် မြောက်နေ့)တွင်လည်း ဆက်ထားသောလက်မ၏ အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။