ဘောလုံးလောက၏ အအောင်မြင်ဆုံး ကစားသမားတစ်ဦးဖြစ်သည့် ဘရားဇီး နောက်ခံလူ ဒါနီ အယ်လ်ဗက်သည် စပိန်နိုင်ငံတွင် အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည်ဟူ၍ စွပ်စွဲခံရပြီးနောက် ဇန်နဝါရီလ ၂၀ ရက် သောကြာနေ့တွင် ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်သည် ဘာစီလိုနာမြို့လယ်ရှိ အထူးသီးသန့် နိုက်ကလပ်တစ်ခုတွင် ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အေပီသတင်းဌာနသို့ ပြောသည်။
ကျူးလွန်ခံရသူ အမျိုးသမီးက ဘာစီလိုနာ အကျော်အမော်ဟောင်း အယ်လ်ဗက်သည် သူ အလိုမတူဘဲ အောက်ခံဘောင်းဘီအောက်မှ သူ့အား တို့ထိခဲ့သည်ဟု ရဲတပ်ဖွဲ့ထံ ပြောကြားခဲ့သည်။
အဆိုပါ အမျိုးသမီးသည် သူ၏ သူငယ်ချင်းများနှင့်အတူ နိုက်ကလပ်ရှိ လုံခြုံရေး ဝန်ထမ်းထံ တိုင်ကြားခဲ့ပြီး ထိုဝန်ထမ်းက ရဲအား တစ်ဆင့် အကြောင်းကြားခဲ့သည်။
တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကာ အဆိုပါ အမျိုးသမီးထံမှ ထွက်ဆိုချက်ကိုယူခဲ့သည်။ ထိုအမျိုးသမီးသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် ဇန်နဝါရီ ၂ ရက်နေ့တွင် တရားဝင် တိုင်ကြားခဲ့သည်။
အယ်လ်ဗက်သည် ယခုလအစောပိုင်းက အခြားသူများနှင့်အတူ ကလပ်သွားခဲ့သော်လည်း ထိုကဲ့သို့သော အပြုအမူများ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုထားသည်။
အယ်လ်ဗက်က အာမခံဖြင့် လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း တရားသူကြီးက ပယ်ချခဲ့ပြီးနောက် သူ့အား ဘာစီလိုနာမြို့အနီးရှိ အကျဉ်းထောင်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
Source: Aljazeera
