ဘန်ကောက်၊စက်တင်ဘာ ၂၅
ထိုင်းဘုရင်မင်းမြတ်သည် လိင်တူလက်ထပ်ခြင်းဥပဒေကို လက်မှတ်ရေးထိုးအတည်ပြုပေးလိုက်သဖြင့် ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် လိင်တူလက်ထပ်ခြင်းကို ပထမဆုံးခွင့်ပြုပေးခဲ့သည့်နိုင်ငံတစ်နိုင်ငံဖြစ်စေခဲ့ပြီး တန်းတူညီမျှလက်ထပ်ခွင့်ကို အသိအမှတ်ပြုသည့် နိုင်ငံလည်းဖြစ်လာခဲ့သည်။
ယခုဥပဒေသစ်ကို ဇွန်လက ပါလီမန်တွင်အတည်ပြုခဲ့ပြီး ယခုအခါ ထိုင်းဘုရင်မင်းမြတ် မဟာဝိဇယလောင်ကွန်းက လက်မှတ်ထိုးအတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၁၂၀ အတွင်း ယခုဥပဒေသည် စတင်အာဏာ
သက်ေရာက်မည်ဖြစ်ကာ ပထမဆုံးသော လိင်တူချစ်သူမင်္ဂလာဆောင်ကို လာမည့် ဇန်နဝါရီလောက်တွင် ကျင်းပနိုင်ရန်မျှော်မှန်းထားသည်ဟုဆိုသည်။
ထိုင်းသည် ထိုင်ဝမ်နှင့်နီပေါတို့ပြီးပါက လိင်တူချင်းလက်ထပ်နိုင်မှုကို ခွင့်ပြုပေးခဲ့သည့် တတိယမြောက်နိုင်ငံဖြစ်လာသည်။
ယခုအသစ်ပြဌာန်းလိုက်သည့် လက်ထပ်ထိမ်းမြားမှုဆိုင်ရာဥပဒေတွင် အသုံးအနှုန်းများကအစ သတိထားသုံးနှုန်းထားပြီး ယခင်ကအသုံးပြုခဲ့သည့် “ယောကျာ်း”၊ “မိန်းမ”၊ “ခင်ပွန်း”၊ “ဇနီး” စသည့်အသုံးအနှုန်းများအစား ကျား – မ ခွဲခြားမှုမရှိသည့်အသုံးအနှုန်းများကိုသာ သုံးနှုန်းထားသည်။
ထိုမျှသာမက လိင်တူလက်ထပ်မည့်ချစ်သူများအား သားသမီးမွေးစားခွင့်နှင့် အမွေဆက်ခံခွင့်များကိုပါ တရားဝင်ခွင့်ပြုပေးထားသည်ဟုလည်းသိရသည်။
သို့သော် မိရိုးဖလာအစဉ်အဆက် ဗုဒ္ဓဘာသာဝင်များပေါများပြီး ရိုးရာဓလေ့များကို လိုက်နာကြသည့်နိုင်ငံသူနိုင်ငံသားများအရေအတွက်သည် များပြားနေသေးသည့်အတွက် လိင်တူချစ်သူများအနေဖြင့် အခက်အခဲများ၊အတားအဆီးများနှင့် နှိမ့်ချဆက်ဆံခံရမှုများကို နေ့စဉ်ဘဝတွင် ကျော်ဖြတ်ရဦးမည်မှာမလွဲဧကန်ဖြစ်သည်ဟုလည်း လိင်တူချစ်သူများက ပြောကြားနေကြသည်။
Source : အေအက်ဖ်ပီ/အီးစီ