လားရှိးမြို့၊ အမှတ် (၂) ရပ်ကွက် ၊ မြို့မစျေးအတွင်းရှိ “ဇွဲထက်” စိန်ရွှေရတနာဆိုင်ရှေ့၌ ယနေ့ ဇူလိုင်လ (၁၅) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် လက်လုပ်မိုင်းပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအနက် (၂) ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
လားရှိုးမြို့မဈေးအတွင်းရှိ “ဇွဲထက်” စိန်ရွှေရတနာဆိုင်ရှေ့တွင် ယနေ့ နံနက် (၇) နာရီ (၄၅) မိနစ်ခန့်က လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အမျိုးသား၊ အမျိုး သမီး စုစုပေါင်း (၁၅) ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှု ဖြစ်ပွားချိန်၌ အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းထွက်ပေါ်ခဲ့သော်လည်း ဒဏ်ရာရရှိသူ (၃) တွေ့ရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
” အမျိုးသား (၂) ယောက်က စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံကိုပို့ပေးခဲ့ရတာပါ။ ပျက်စီးမှုအနေနဲ့ဆိုရင် ရွှေဆိုင်ရှေ့မှာ ပေါက်ကွဲတာဖြစ်တဲ့အတွက် ရွှေဆိုင်ကတော့ပျက်စီးတာတွေရှိတယ်။ ဆိုင်ကယ်တွေလည်း ပျက်စီးသွားတယ်။ ရွှေဆိုင်ရှေ့မှာတော့ သွေးတွေ မြင်မကောင်းဘူး” ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
ထပ်မံတွေ့ရှိသည့် ထိခိုက်ဒဏ်ရာရသူ (၃) ဦးကို ဒေသခံ လူမှုကူညီရေး အသင်းဝင်များက လားရှိးပြည်သူ့ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။