ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိးမြို့၊ ရပ်ကွက်(၆)၊ နယ်မြေ(၁)၊ လမ်းမတော်လမ်းရှိ “Sunny”ဟိုတယ်ရှေ့တွင် ရပ်ထားသည့်ကားတစ်စီးပေါ်တွင် ဗုံးထောင်ထားမှုအား လုံခြုံရေးအဖွဲ့ဝင်များက အချိန်မီရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၂ ရက် (ယနေ့) နံနက် ၄ နာရီခန့်က လုံခြုံရေးအဖွဲ့ဝင်များသည် လားရှိးမြို့၊ ရပ်ကွက်(၆)၊ နယ်မြေ(၁)၊ လမ်းမတော်လမ်းရှိ “Sunny”ဟိုတယ်ရှေ့တွင် ရပ်ထားသည့် Mark II (အဖြူရောင်)ကားအား မသင်္ကာသဖြင့် စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာ ကားအား Gas အိုးကြီး (၂) လုံး၊ ဓာတ်ဆီ (၂) လီတာ၊ ရေသန့် ၂၀ လီတာ၊ ဓာတ်ခဲခြောက် ၅ လုံး၊ ယမ်းနှင့် သံတိုသံစများ ထည့်ထားသည့် ဟန်းကော (၁) လုံး၊ ဒီတိုနေတာ (၂) ချောင်း၊ Remote မိုင်းခွဲစက် (၁) လုံးတို့ဖြင့် ဗုံးထောင်ထားသောကားဖြစ်ကြောင်း သိရှိခဲ့ရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ကားဗုံးထောင်ထားမှုအား အချိန်မီသက်မဲ့ပြုလုပ်၍ ဖယ်ရှားရှင်းလင်းခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Photo-Ko Thet