ရှမ်း/မြောက် လားရှိုးမြို့၊ မြို့မဈေးကြီးအပါအဝင် မြို့ပေါ်အမှတ်(၁)နှင့် (၃)ရပ်ကွက်တို့တွင် ကျန်းမာရေးပညာပေးခြင်းများ စတင်ဆောင်ရွက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးအသိပေးခြင်းအတွက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကာ
ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကိုလည်း တဆက်တည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့အား ကိုးကန့်တပ်ထံမှ ပြန်လည်လွှဲပြောင်းရယူပြီးနောက် မေ(၅) ရက်တွင် လားရှိုးပြည်သူ့ ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ကျန်းမာရေးအသိပေးခြင်းလုပ်ငန်းစဉ်များကို မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ထို့ပြင် ကျန်းမာရေးနှင့်ညီညွှတ်သည့် သောက်သုံးရေးရရှိရေးအတွက် မြို့တွင်းရေပေးဝေရေးများ လုပ်ဆောင်လျက်ရှိပြီး၊ လက်ရှိတွင် သောက်သုံးရေသန့်များ ရရှိနိုင်ရန် မြို့နယ်စည်ပင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့က စရိတ်မျှပေးစနစ်ဖြင့် ရေဖြန့်ဝေပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
“ရေကို အရင်လိုပြန်ရဖို့ လုပ်နေကြတယ်။ လောလောဆယ် ရေရရှိဖို့ စရိတ်မျှပေးပုံနဲ့ ထိုက်သင့်သည့် စက်သုံးဆီဖိုးကျခံပေးရင် ရေလိူက်ပို့ဆောင်ပေးနေပါတယ်”ဟု ဒေသခံသ တင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိတွင် သောက်သုံးရေသန့်ရရှိရေးအတွက် ဂါလံ (၃၀၀) ဆံ့ ရေသယ်ယာဉ် (၁) စီး၊ ဂါလံ (၁၁၀၀) ဆံ့ ရေသယ်ယာဉ် (၁) စီး၊ ဂါလံ (၈၀၀) ဆံ့(၁) စီး ၊ ဂါလံ (၃၂၀၀) ဆံ့(၁) စီးတို့ဖြင့် ရေရရှိရန် စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။