ယခုလာမည့် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲတီစိမ်းတန်ချိန် ၆ သိန်းတင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောသည်။
အဆိုပါ ပဲတီစိမ်းတန်ချိန် ၆ သိန်းကို ပဲတီစိမ်း အညာ အမျိုးအစား လက်ရှိ FAQ ၁ တန်ပေါက်စျေး ဒေါ်လာ ၉၄၀ ဖြင့် တွက်ချက်ပါက ဒေါ်လာ ၅၆၄ သန်း ရနိုင်ပြီး၊ ပဲနောက်အမျိုးအစား FAQ ၁ တန်ပေါက်စျေး ၇၇၀ ဖြင့်တွက်ပါက ဒေါ်လာ ၄၆၂ သန်း ရနိုင်ကြောင်း သိရသည်။ယင်းပဲတီစိမ်း တန်ချိန် ၆ သိန်းကို လေးကြိမ်ခွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်၏ ဆယ်လကျော်ကာလအတွင်း ပြည်ပသို့ ပဲတန်ချိန် ၁ ဒသမ ၅၃ သန်းကျော်တင်ပို့ထားပြီး ယင်းတွင် ပဲတီစိမ်းတင်ပို့မှုမှ ၅ သိန်း ၁ သောင်းကျော်ဖြင့် အများဆုံးတင်ပို့ထားကြောင်း သိရသည်။
ပဲတီစိမ်းကို နယ်စပ်လမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းကနေတစ်ဆင့် တင်ပို့မှုများရှိနေပြီး နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီစသည့် နိုင်ငံတွေကိုတင်ပို့နေကြောင်း၊ အဆိုပါ နိုင်ငံတွေမှတစ်ဆင့် အခြားသော ဥရောပကုန်သည်တွေနှင့် ချိတ်ဆက်ကာ ပြန်လည်ဖြန့်ဖြူးကြောင်းသိရသည်။ ယင်းအပြင် မြန်မာ့ပဲတီစိမ်းကို တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှလည်း ဝယ်လိုအားရှိနေကြောင်း သိရသည်။





