နေပြည်တော် ဇူလိုင် ၆
လယ်ဝေးမြို့နယ် ချောင်းမငယ် ရေလှောင်တမံ ရေသောက်ဧရိယာတွင် ပါဝင်သည့် ဆင်အုံကန်အား ပြုပြင်ပြီးပါက ယခင်ထက် ရေဧကပေ ၆၀၀ ခန့် ပိုမိုသိုလှောင်လာနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ဆင်အုံကန်မှာ ချောင်းမငယ် ရေလှောင်တမံ ရေသောက် ဧရိယာတွင် ပါဝင်ပြီး ၁၉၅၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် စိုက်ပျိုးရေပေးဝေသည့် ကန်ဖြစ်ပြီး ဆင်အုံကန်အထက်ပိုင်း တွင် ရေသောက်ဧရိယာ ၂၆၄၀ ဧက ရှိကာ ဆင်အုံကန် အောက်ပိုင်းတွင် ရေသောက်ဧရိယာ ၄၅၇၉ ဧက ရှိကြောင်း၊ နှစ်ပေါင်း ၆၀ အတွင်း ပြုပြင်မှုမရှိခဲ့သည့် အဆိုပါ ဆင်အုံကန်အား ကန်ပေါင် ကျောက်ရိုးစီခြင်း နှင့် မူလကန်ပေါင်ထက် ၂ ပေ မြှင့်တင်ခြင်း၊ ကန်ပေါင်မျက်နှာပြင် အကျယ် ပေ၂၀ အဖြစ် ပြုပြင်ခြင်း၊ သဲနုန်းတူးဖော်ခဲ့ခြင်း၊ ဒိုက် နှင့် ဗေဒါများ ရှင်းလင်း ဖယ်ရှားခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း အားလုံး ၏ ၈၉ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ မူလက ရေဧကပေ ၁၂၀၀ ကျော် သိုလှောင်နိုင်ခဲ့သည့် ဆင်အုံကန်အား ယခုအခါ ရေဧကပေ ၁၈၀၀ ခန့် သိုလှောင်နိုင်မည်ဖြစ်သည်။
” ဒီဆင်အုံကန် က ချောင်းမငယ် ရေလှောင်တမံရဲ့ ရေသောက်ဧရိယာမှာပါဝင်တော့ ချောင်းမငယ်ရေလှောင်တမံ ပတ်ဝန်းကျင်နဲ့ ရုံးပင်သစ်တော ကြိုးဝိုင်းဧရိယာ မှာ သဘာဝ ဂေဟစနစ်အမှီပြု ဘက်စုံဖွံ့ဖြို းတိုးတက်ရေးစီမံကိန်း ကို ဆောင်ရွက်တော့ ဒီကန်ကိုပြုပြင်တာပါ။ ဒီဆင်အုံကန်ကလဲ မပြုပြင်တာ နှစ်ပေါင်း ၆၀ လောက်ရှိခဲ့တော့ အခု ဒီနှစ်ထဲမှာ ပြန်ပြီး ပြုပြင်နေတာ ၈၉ ရာခိုင်နှုန်းပြီးနေပြီ။ အားလုံးပြုပြင်ပြီး သွားရင်တော့ အရင်ကထက် ရေဧက ၆၀၀ လောက် ပိုပြီးသိုလှောင်နိုင်မှာပါ” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
နေပြည်တော် လယ်ဝေးမြို့မှ (၁၂) မိုင်ခန့်အကွာ ၊ ပန်းညိုစမ်းကျေးရွာအနီးရှိ အဆိုပါချောင်းမငယ်ရေလှောင်တမံ သည် တမံအမြင့် ၉၆ ပေ ၊ တမံအလျား ၂၁၅၀ ပေ ရှိ မြေသားတမံ အမျိုးအစားဖြစ်ကာ ကန်ရေပြည့်ရေလှောင်ပမာဏ(F.T.L) ၉၁၇၇၀ ဧကပေ ရှိပြီး လက်ရှိတွင် ရေလှောင်ပမာဏ ၄၀၈၇၀ ဧကပေ သိုလှောင်ထားရှိကြောင်း၊ ၂၀၀၆ – ၂၀၀၇ ခုနှစ် တွင် တည်ဆောက်ပြီးစီးခဲ့သည့် အဆိုပါရေလှောင်တမံတွင် တူးမြောင်းမကြီးအလျား ၁၉ မိုင်၊ လက်တံမြောင်းများအလျား ၂၉ မိုင် ၊ တူးမြောင်း အဆောက်အအုံ ၃၉၆ ခု ရှိပြီး ဆည်ရေပေးဝေနိုင်သည့် စိစစ်ပြီး ဧရိယာမှာ ၇၂၁၉ ဧက ရှိကြောင်း သိရသည်။