လန်ဒန်မြို့၊ SOAS တက္ကသိုလ်၌ ကျင်းပသည့် အာဆီယံရုပ်ရှင်ပွဲတော် (ASEAN Film Festival) တွင်မြန်မာနိုင်ငံမှ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးထားသည့် “လျှို့ဝှက်သောနှင်း” ရုပ်ရှင်ဖြင့် ပါဝင်ပြသခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရုပ်ရှင်ပွဲတော် ဧပြီ (၂၂) ရက်မှ ဧပြီ (၂၇)ရက်အထိ ကျင်းပလျက်ရှိရာ ဧပြီ (၂၂) ရက်က ကျင်းပခဲ့သည့် ဖွင့်ပွဲအခမ်းအနားနှင့် ဧပြီ (၂၄) ရက်တွင် ကျင်းပခဲ့သည့် မြန်မာရုပ်ရှင်ပွဲတော်နေ့သို့ မြန်မာသံရုံး ယာယီတာဝန်ခံ ဦးထွန်းအောင်ကျော်နှင့် သံရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အာဆီယံရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို အာဆီယံ – လန်ဒန်ကော်မတီ ဥက္ကဋ္ဌ ထိုင်းသံအမတ်ကြီးနှင့် SOAS တက္ကသိုလ်မှ ပါမောက္ခ Rachel V Harrison တို့မှ အဖွင့်အမှာစကား ပြောကြားကာ ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ SOAS တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာနိုင်ငံများမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အာဆီယံရုပ်ရှင်ပွဲတော်၌ အာဆီယံနိုင်ငံသံရုံး (၁၀)ရုံးမှ ရုပ်ရှင် (၁)ကားစီဖြင့် စုစုပေါင်း ရုပ်ရှင် (၁၀) ကား ပါဝင်ပြသခဲ့ရာ မြန်မာရုပ်ရှင်ပွဲတော်နေ့တွင် ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးထားသည့် “လျှို့ဝှက်သောနှင်း” ရုပ်ရှင်ဖြင့် ပါဝင်ပြသခဲ့ကြောင်း သိရသည်။



