အလွတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ၀ (Dave Ledus) သည် လက်ဝှေ့ကစားသမားဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာကိုယ်စားပြုပြီး ကမ္ဘောဒီးယား နိုင်ငံ၏လက်ရှိချန်ပီယံနှင့် ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။
ဒေဝနှင့် ကမ္ဘောဒီးယား နိုင်ငံ၏ လက်ရှိချန်ပီယံ ပရမ်စမ်နန်တို့သည် ဖနွမ်းပင်မြို၌ လာမည့် နိုဝင်ဘာ ၅ ရက်၌ ကမ္ဘောဒီးယားရိုးရာအားကစားနည်းဖြစ်သည့် ခွန်ခမာ ကစားနည်းအတိုင်း အလဲထိုးမှသာအနိုင် (အမှတ်ပေးမရှိ) စည်းမျဉ်းဖြင့်ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဒေဝနှင့် ထိုးသတ်မည့် ပရမ်စမ်နန်သည် ယခုနှစ်တွင် 2023 Thai Fight ချန်ပီယံဘွဲကို ဆွတ်ခူးခဲ့ပြီး ပြီးခဲ့သော ဆီးဂိမ်းက လက်ဝှေ့ကျော် ထွန်းထွန်းမင်းကို အမှတ်ဖြင့်အနိုင်ရပြီး ရွှေတံဆိပ်ဆုရရှိခဲ့သူလည်းဖြစ်သည်။
ကစားသမားဘ၀ ပွဲ ၁၆၂ ပွဲထိုးရာ ၁၅၀ ပွဲ အနိုင်ရရှိထားပြီး ၇၃ ပွဲ အလဲထိုး၊ ၁၀ ပွဲရှုံး ၂ ပွဲသရေ မှတ်တမ်းကို ပိုင်ဆိုင်ထားသူဖြစ်ကာ လက်ရှိတွင် ၃ဝ ပွဲ ဆက်တိုက် အနိုင်ရရှိထားသူဖြစ်ကြောင်းလည်း သိရသည်။
“သူ့ရဲ့အောင်မြင်မှုတွေကို ကျွန်တော်လေးစားပါတယ်၊ ဒါပေမယ့် ဘယ်သူက အရှေ့တောင်အာရှရဲ့ တကယ့်လက်ဝှေ့ဘုရင်ဖြစ်တယ်ဆိုတာကို ပြရပါမယ်။ စိန်ခေါ်မှုအတွက် စိတ်လှုပ်ရှားနေပါတယ်” ဟု ဒေဝကပြောသည်။
ဒေဝသည် ဂျပန်နိုင်ငံ၏ ILFJ Lethwei ကမ္ဘာ့ချန်ပီယံရှစ်၊ Air KBZ အောင်လံချန်ပီယံရှစ်၊ MLWC အိုးပင်းဝိတ်ချန်ပီယံရှစ်နဲ့ WLC ခါးပတ် ၆ ကြိမ် ချန်ပီယံဆု စုစုပေါင်း ၉ ကြိမ် ရရှိထားသူဖြစ်သည်။
Photo – Dave Ledus