မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာအနီး၌ PDF မှ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် နွားကျောင်းနေသည့် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာနေ ဦးဆန်းဝေ (ဘ) ဦးအောင်ဝင်းနှင့် အသက် ၁၁ နှစ်အရွယ် မောင်ကံကောင်း (ဘ) ဦးဆန်းဝင်းတို့ ၂ ဦးသည် အဆိုပါကျေးရွာ၏ အနောက်ဘက်၌ နွားကျောင်းနေစဉ် PDF များထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် ၎င်းတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။
အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး မိုင်းစ ထိမှန်ဒဏ်ရာရခဲ့သော ဦးဆန်းဝေနှင့် မောင်ကံကောင်းတို့အား နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း မောင်ကံကောင်းသည် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။
ထိုသို့ ကျေးရွာနေပြည်သူများအား အကြောင်းမဲ့ဗုံးထောင်ဖောက်ခွဲခဲ့သည့် သူများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။