လက်ရှိ လက်နက်ကိုင် ပဋိပက္ခတွင် ယူကရိန်း အောင်ပွဲခံမည်ကို မယုံကြည်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။
“ကျွန်တော် မထင်ဘူး၊ သူတို့ အနိုင်ရမယ်လို့လဲ ကျွန်တော် တစ်ခါမှ မပြောဖူးပါဘူး” ဟု အမေရိကန် သမ္မတက သြစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘနီးစ် နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံမှု အစတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ယူကရိန်းက ယခင် နယ်နိမိတ်များသို့ ပြန်လည်ရောက်ရှိနိုင်ခြေအပေါ် သူ၏ မကြာသေးမီက ပြောဆိုချက်များကို မှတ်ချက်ပေးရန် တောင်းဆိုမှုအား ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
ယူကရိန်း ပဋိပက္ခသည် နောက်ဆုံးတွင် အဆုံးသတ်သွားမည်ဟုလည်း ယုံကြည်ကြောင်း ထရမ့်ကပြောကြားခဲ့ပြီး သူ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ကမ္ဘာ့နေရာအသီးသီးရှိ လက်နက်ကိုင် ပဋိပက္ခ ရှစ်ခုကို ဖြေရှင်းပြီးခဲ့ပြီဟုလည်း အခိုင်အမာ ပြောကြားခဲ့သည်။
“ကျွန်တော်ဟာ ရှစ်လအတွင်း စစ်ပွဲ ရှစ်ခုကို ဖြေရှင်းပေးခဲ့တယ်။ မဆိုးဘူး။ နောက်ထပ် တစ်ခု ကျန်သေးတယ်။ ဒါကတော့ ရုရှား၊ ယူကရိန်း ဖြစ်ပြီး ကျွန်တော်တို့ အဲဒါကိုလဲ ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်”ဟု ထရမ့်က ထပ်လောင်း ပြောကြားသည်။
